နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းတွင် နိုင်ငံရေး အကျဉ်းသား ပါဝင်မှု နည်းပါးလွန်းဟု PPNM ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်။ 

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသားဦးရေ ပါဝင်မှုနှုန်း အဆမတန် နည်းပါးသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် အကျဉ်းသားစုစုပေါင်း ၄၈၉၃ ဦးအထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ ရာ၌ နိုင်ကျဉ်း ၁၀ ရာခိုင်နှုန်းအောက်သာ ပါဝင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM တာဝန်ရှိသူက ပြောသည်။

PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက အဓိကတော့ စစ်ကောင်စီက သံတမာန်ရေးရာဖက်မှာ နည်းနည်းလေး နလန်ပြန်ထလာတယ်လို့ ပြောလို့ ရပေမယ့် စစ်ဖက်ရေးရာမှာတော့ အရှုံးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးမှာ အမှန်တရားကို ချစ်မြတ်နိုးပြီးမှ စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ တော် လှန်နေတဲ့ သူတွေကို ပြန်လွှတ်ပေးခြင်းအားဖြင့် သူ့အတွက် အကျိုးမရှိနိုင်ဘူး။ ဒါကို သူယူဆတာ ပါဝင်တယ်။ လက်ရှိ  မြေပြင်မှာတောင် ကောင်းကောင်းမထိန်းနိုင်သေးတဲ့ အခြေနေမျိုးမှာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ဟာ သူတို့အတွက် အခက်အခဲများစွာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ စိုးရိမ်ကြောင့်ကြမှုတွေက သူတို့ကို ပြန်လွှတ်ပေးခြင်းအားဖြင့် စစ်ကောင်စီကို ပြန်တိုက်မှာကို စိုးရိမ်တဲ့အတွက် မလွှတ်ပေးတဲ့ အခြေနေမျိုးလို့ပဲ သုံးသပ်ပါတယ်ဟု ပြောသည်။

လက်ရှိ ရရှိထားသည့် စာရင်းများအရ သရက်ထောင်တွင် ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်တွင် ၂ ဦး၊ တာချီလိတ်ထောင်တွင် ၂ ဦး၊ ဒိုက်ဦးထောင်တွင် ၅ ဦး၊ ရမည်းသင်းထောင်တွင် ၁၅ ဦး၊ မကွေးထောင်တွင် ၁၁ ဦး၊ မိတ္ထီလာထောင်တွင် ၃ ဦး၊ ဘားအံထောင်တွင် ၃ ဦး၊ ပေါင်းတည် ထောင်တွင် ၂ ဦး၊ ထားဝယ်အကျဉ်းထောင်တွင် ၂ ဦး၊ ပြည်အကျဉ်းထောင်တွင် ၉ ဦး၊ ပခုက္ကူအကျဉ်းထောင်တွင် ၅ ဦး ၊ ညောင်ဦးအကျဉ်းထောင်တွင် ၄ ဦး၊ တောင်ငူနှင့် ကလေးထောင်တို့တွင် တစ်ဦးစီ လွတ်မြောက်လာကြသည်ဟု PPNM က ဆိုသည်။

ထို့အပြင် ဧရာတီတိုင်း တစ်တိုင်းလုံးတွင်လည်း ပုသိမ်အကျဉ်းထောင်မှ နိုင်ကျဉ်း တစ်ဦးသာ လွတ်မြောက်လာ ပြီး အခြားထောင်များမှ လွတ်မြောက်လာသည့် စာရင်းများကိုလည်း သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာန အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့တဲ့နှစ်ကထက်တောင်မှ နိုင်ကျဉ်းပါတယ်လို့ ပြောလို့ရသေးတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ကျဉ်း သိပ်မတွေ့ရဘူး ပေါ့နော်။ ပါခဲ့ရင်တောင်မှ နည်းတယ်ပေါ့လေ။ ဒီနှစ်လည်း နည်းတာပဲ။ အဲတော့ အာဏာသိမ်းပြီးချိန် အကျဉ်း ထောင်ထဲမှာ လွတ်ငြိမ်းအတွက် စီစဉ်တုန်းကတော့ အခြားရာဇဝတ်အကျဉ်းသား သောင်းဂဏန်းထိကို လွှတ် ပေးခဲ့တယ်။ အဲဒီထဲမှာဆိုရင် သေဒဏ်ကျသူတွေကို လျှော့ရက်တွေအများကြီး ပေးခဲ့တာ နှစ် ၃၀ ကျတဲ့သူတွေ ကိုလည်း ၁၀ နှစ်လောက်အထိ လျှော့ပေးခဲ့တာ အများကြီးပဲပေါ့ ထောင်ခါတဲ့အထိကိုမှ လုပ်ပေးခဲ့တယ်။ အဲ့ဒီ မှာ လွတ်သွားတဲ့ လူဦးရေအစား နိုင်ကျဉ်းတွေ ထည့်ပြီးမှ အခုထိကိုမှ မလွှတ်ပေးတဲ့ အခြေနေကိုတော့ တွေ့ နေရတယ်ဗျာ ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

အကျဉ်းထောင်များ၌ နိုင်ကျဉ်း အရေအတွက် များများရှိခြင်းမှာ စစ်ကောင်စီအတွက် နောက်ဆုံးထွက်ပေါက် ဖြစ်နိုင်ချေရှိသဖြင့် လွတ်ငြိမ်းခွင့်၌ ပါဝင်သူ နည်းလာရခြင်း ဖြစ်နိုင်သည်ဟုလည်း နိုင်ကျဉ်းဟောင်းများက သုံးသပ်နေကြသည်။

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အား ၇.၇ မီတာစကေး ပြင်းအားရှိ မြေငလျင် လှုပ်ခတ်မှုတွင်လည်း မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ကျဉ်း ၆ ဦးခန့် ထွက်ပြေးခွင့် မရသဖြင့် ထိခိုက်သေဆုံးခဲ့ကြရသည်။