မကွေးထောင် ပစ်ခတ်မှု နိုင်ကျဉ်း နှစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅  ခုနှစ်၊ ဧပြီလ ၁၈ ရက်။ 

မကွေးတိုင်း၊ မကွေးအကျဉ်းထောင် အနီးတစ်ဝိုက် နေရာများ၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကျဉ်းဦးစီး ဝန်ထမ်းများ၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၂ ဦး သေဆုံးသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းများမှ ထောင်ဗူးဝနှင့် ကင်းမျှော်စင်တို့တွင် နေရာယူ၍ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM တာဝန်ရှိသူက ပြောသည်။

PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက ဖြစ်စဉ်က သင်္ကြန်ပိတ်ရက်ဖြစ်တော့ မိသားစုဝင်တွေ ကို အသိပေးအကြောင်းကြားဖို့ ခဲယဉ်းနိုင်လိမ့်မယ်လို့ သုံးသပ်တယ်။ မိသားစုဝင်တွေနဲ့ သတင်းပေးပို့ခဲ့ခြင်း၊ အကြောင်းကြားခဲ့ခြင်း ရှိ/မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။ သေချာတာက ရုံးပိတ်ရက်ဖြစ်တော့ ထောင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ပဲ သဂြိုဟ်ဖြစ်ဖို့ များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သူတွေကိုတော့ ပြင်ပပြည်သူတွေ သိရှိအောင် ပြမှာမဟုတ်ဘူးပေါ့ ဟု သုံးသပ်သည်။

ဧပြီလ ၁၃ ရက်နေ့ ပစ်ခတ်မှုထဲ ထောင်တွင်း ဓမ္မာရုံ၌ အနားယူနေသည့် စောရွှေအောင် အပါအဝင် နိုင်ကျဉ်း ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဆေးကုသမှု ခံယူနေကြရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဖမ်းခံထားရသည့် တောင်တွင်းကြီးမြို့နယ် ကိုယ်စားပြု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အမတ်ဖြစ်သူ ဦးဝင်းမြင့်လှိုင်မှာလည်း ပစ်ခတ်မှုအတွင်း ထိခိုက်မှုရှိပြီး တိုက်ပိတ်ခံထားရသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထောင်အနီးတစ်ဝိုက်နေများ၌ ထိတွေ့မှု ဖြစ်ပွားပါက ထောင်တံခါးများ ကို သော့ခတ်ထားလေ့ရှိသည်ဟု ကိုသိုက်ထွန်းဦးက ၎င်းကြုံတွေ့ဖူးသည့် အခြေအနေများကို ဝေမျှသည်။

ကိုသိုက်ထွန်းဦးက အဓိက ဖြစ်တာတော့ သေနတ်ဖောက်ပြီ ဆိုတာနဲ့တင် ကျနော်တို့ ထောင်တံခါး ပိတ်ခဲ့တာ တို့၊ အကျဉ်းသားအားလုံးကို ထောင်ထဲ ဝင်ခိုင်းပြီးမှ ချက်ချင်းပိတ်တာမျိုးတို့ ဒါကို ကျနော်တို့ ကြုံခဲ့ရတဲ့ အခြေအနေတွေ ရှိပါတယ်ဗျာဟု ပြောသည်။

PPNM မှ နိုင်ကျဉ်းထိခိုက်မှု အသေးစိတ် သိရှိရန်အတွက် စုံစမ်းနေဆဲဖြစ်ပြီး ထောင်ဝန်ထမ်း အများစုမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီဖက်မှ သတင်းဖုံးဖိထားပြီး ထောင်တွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများကြားတွင် ပြောဆိုနေကြသည်။