ငလျင်ဒဏ်သင့် ပြည်သူများ နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်မှုများ ရှိလာနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
ငလျင်ဒဏ် အပြင်းအထန် ခံစားခဲ့ရသော စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နောက်ဆက်တွဲ ကျန်းမာ ရေး ထိခိုက်မှုများ ရှိလာသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
အထူးသဖြင့် နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်မှုကို အသက် ၅ နှစ်အောက် ကလေးငယ်များ ပိုခံစားနေကြရ သည်ဟု စစ်ကိုင်းမြို့တွင် အခမဲ့ ဆေးကုသပေးနေသော ဆေးခန်းတစ်ခုက အမည်မဖော်လိုသော အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“နောက်ဆက်တွဲ အနေနဲ့က အခုလောလောဆယ်ပေါ့နော် ဆေးရုံမှာရော ဆေးခန်းမှာရော တွေ့နေရတာက ကလေးတွေက အန်တယ်။ ရေပြဿနာကြောင့်မို့လို့ ဝမ်းလျောတာ ရှိတယ်။ နောက်တစ်ခုက ကျတော့ အပြင်မှာ အိပ်ရတော့ အပူရှပ်ပြီး ဖျားတာမျိုးပေါ့။ နောက်ပြီးတော့ ပါးတွေ ပါးဆောင်တွေ ယောင်တာမျိုးပေါ့ အဲလိုမျိုးတော့ ရှိတယ်ရှင့်။”
ထိုလက္ခဏာများအနက် အော့အန်မှုက အများဆုံး ဖြစ်ပွားနေပြီး ပြင်ပဆေးခန်းတွင် ကုသရန်လည်း ခက်ခဲသော ကလေးများအား ဆေးရုံသို့ လွဲပြောင်းရသည့် အခြေအနေထိ ဖြစ်ပွားနေသည်ဟု ဆက်ပြောသည်။
“အခုအဖြစ်များတာတော့ အန်တာပေါ့နော်။ တစ်ချို့ကကျတော့ အရမ်းအန်ပြီးတော့ ဆေးသောက်တာ လုံးဝ မဝင်လို့ Saline ချိတ်ရတာမျိုးပေါ့။ တစ်နေ့ကဆိုရင် ကလေးတွေ ၆ ယောက်လောက်ပေါ့ ညကိုဆို ၆ ယောက် လောက် ဆေးရုံရောက်သွားတယ်။ အန်တဲ့ case တစ်ခုတည်းကြောင့်မို့လို့ပေါ့ ကလေးတွေက အဲ့လိုမျိုးပေါ့။”
လက်ရှိအချိန်တွင် ကလေးငယ်များ သေဆုံးသည်အထိ ဖြစ်ပွားခြင်း မရှိသေးသော်လည်း ဆက်လက် ဖြစ်ပွားမှု များ ရှိနေသည်ဟု မြေပြင်ရှိ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ဆိုသည်။
ငလျင် လှုပ်ခတ်မှုနောက်ပိုင်း စစ်ကိုင်းမြို့တွင် ဆေးခန်းများနှင့် ဆေးဆိုင်အများစု ပိတ်ထားရသောကြောင့် အခမဲ့ ဖွင့်လှစ်ထားသော ဆေးခန်းများတွင်သာ လာရောက် ပြသမှုများရှိနေသည်ဟု ဆိုသည်။
ထိုဆေးခန်းတွင် စစ်ကိုင်းမြို့နှင့် အနီးနားဝန်းကျင်မှ လာရောက် ပြသကြပြီး တစ်ရက်အတွင်း ကလေးငယ် အယောက် ၅၀ မှ ၆၀ ခန့်အထိ လာရောက်ကုသနေကြသည်ဟု အဆိုပါဆေးခန်း တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင်လည်း လျှပ်စစ်မီးနှင့် ရေ ပုံမှန် မရရှိသေးသောကြောင့် ဆေးကုသမှုအပိုင်းတွင်လည်း အခက်အခဲ များ ရှိနေသည်ဟု ဆိုသည်။
အချိန်ကြာလာသည်နှင့်အမျှ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်း ကျမှုများ ရှိလာနေသော်လည်း လူနာများ၏ လိုအပ်ချက်အရ အချိန် အကန့်အသတ်ဖြင့် အခမဲ့ဆေးခန်းများကို ဆက်လက် ဖွင့်လှစ်ထားပေးမည်ဟု ဆိုသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဝမ်းပျက်ဝမ်းလျောကဲ့သို့သော နောက်ဆက်တွဲ ကူးစက် ရောဂါများလည်း ဖြစ်ပွားလာနိုင်သောကြောင့် သတိပြုနေထိုင်ကြရန်လည်း ကျန်းမာရေး ပညာရှင်များက သတိပေးထားသည်။