ထိုင်းနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဗျူဟာ စခန်းအား KNU သိမ်းပိုက်၊ ဗျူဟာမှူး အသေဖမ်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
ထိုင်း – မြန်မာ နယ်စပ် ထားဝယ်အနီး ထီးခီး- မေတ္တာ နယ်စပ်လမ်းရှိ အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကို ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး ဗျူဟာမှူးကိုလည်း အသေမိခဲ့သည်ဟု KNU တပ်မဟာ ၄ မြိတ် – ထားဝယ်ခရိုင် တာဝန်ရှိသူက အတည်ပြု ပြောသည်။
နယ်စပ်မျဥ်းနှင့် ၆ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိသည့် ထီးထဗျူဟာစခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဧပြီလ ၁၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တစ်ပတ်အကြာ ဧပြီလ ၁၉ ရက်နေ့၊ ညနေ ၄နာရီကျော်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် သည်။
KNU တပ်မဟာ ၄ မြိတ် – ထား ဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုအယ်နားက “တိုက်ပွဲစဖြစ်ပြီ ဆိုကတည်းက တောက်လျှောက် လေယာဥ်နဲ့ ဗုံးလာကြဲတယ်၊ တစ်ရက်ကို လေးငါးကြိမ် လောက်ကြဲတာ၊ ဟယ်လီကော်ပတာ နဲ့ စစ်ကူလည်း လာပို့သေးတယ်” ဟု ပြောသည်။
စတင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်အကြာ ဧပြီလ ၁၇ ရက်နေ့က ထီးထကျေးရွာအနီးရှိ ပထမစခန်းမှ လက်နက်ကြီး ကုန်းကို စတင်သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီလ ၁၉ရက်နေ့တွင် ကျန်ရှိသည့် စခန်းကုန်းနှစ်ခုကို တိုက်ခိုက် သိမ်းပိုက် ခဲ့ခြင်း ဖြစ်သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ထီးထဗျူဟာစခန်းကုန်း တိုက်ပွဲတွင် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် (ကရခ) စစ်ဗျူဟာ (၁) ဗျူဟာမှူးကို အသေ ရရှိထားသည်ဟု ဆိုသည်။ မူလက ဗျူဟာမှူးကို အရှင်ဖမ်းမိခဲ့သော်လည်း စစ်ဆေးမေးမြန်းနေချိန်တွင် အန္တရာယ် ရှိလောက်သည့် အပြုအမူ လုပ်ခဲ့သောကြောင့် လုံခြုံရေး ယူနေသည့် ရဲဘော်က ဗျူဟာမှူးကို ပစ်သတ် ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိနေသည်။
ဖမ်းဆီးမိသည့် စစ်သုံ့ပန်း အရေအတွက်နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အသေးစိတ်စာရင်းကို KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း KNU တပ်မဟာ ၄ မြိတ် – ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ဆိုသည်။
စခန်းကုန်းကို ကာကွယ်နိုင်ရန်အတွက် ပိတ်ဆို့တိုက်ခိုက်ခံရသည့် အချိန်မှစ၍ ယနေ့ထိတိုင်အောင် စစ်ကောင်စီ မှ Mi-17 ရဟတ်ယာဥ်၊ K-8W ဂျက်ဖိုက်တာနှင့် Y-12 လေယာဥ်များကို အသုံးပြုပြီး နေ့စဥ်နီးပါး ဗုံးများကြဲချ ကာ လေကြောင်း တိုက်ခိုက်မှုများဖြင့် အပြင်းအထန်ကာကွယ်နေရသည့် ကြားမှ စခန်းကုန်းကို လက်လွှတ် လိုက်ရခြင်းဖြစ်သည်။
ထီးထဗျူဟာကုန်းစခန်း သိမ်းပိုက်ခဲ့သည့် ညနေပိုင်းမှာပင် ထီးခီးနယ်စပ်ဂိတ်ရှိ စစ်ကောင်စီစခန်းဘက်မှလည်း ပစ်ခတ်သံများ ထွက်ပေါ်နေခြင်းများကြောင့် ထီးထ၊ ထီးခီးကျေးရွာ အနီးတစ်ဝိုက်မှရွာသားများ ထိုင်းနိုင်ငံနယ် စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ရွာသားများက ပြောသည်။
ထီးထဗျူဟာစခန်းကုန်းသည် ထီးခီးနယ်စပ်စခန်းနှင့် ထီးခီး – မေတ္တာနယ် စပ်ကုန်သွယ်ရေး လမ်းအတွက် အ ရေးပါသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားသည့် စခန်းတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဧပြီလလယ်ပိုင်းကလည်း ထီးထဗျူဟာစခန်းကုန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦး အပါအဝင် ၅၄ ဦး လက်နက်ချ အညံ့ခံခဲ့ဖူးသေးသည်။
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အစပိုင်းမှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ရှိလာခဲ့ရာ လက်ရှိတွင် စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၁၃ ခုထက် မနည်းကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီး စခန်းအချို့ကိုမူ ဖျက်ဆီးထားခဲ့ကြသည်။
တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့် စခန်းများမှာ ကျောက်ထုစခန်း၊ မောထစခန်း၊ ရောင်းမော် ပျူစောထီးစခန်း၊ မင်းသမီးခီးစခန်း၊ ပဲဒက်စခန်း၊ ကျောက်ဆည်ပျူစောထီးစခန်း၊ 1020 တောင်စခန်း၊ အောင်သာရဝစခန်း၊ မိုက်ခရိုဝေ့ဖ် တာဝါတိုင် (ကော့သောင်း-ဘုတ်ပြင်း) စခန်း၊ ရွှေဂူတံတား စစ်ဆေးရေးဂိတ်နှင့် ရေကန်တောင်ပေါ် ရှိ စစ်ကောင်စီ ဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းတို့ ဖြစ်ကြသည်။