မြိတ်-ထားဝယ်ခရိုင် ဗဟိုဌာနချုပ်ဟောင်းကို ၂၈ နှစ်အကြာတွင် KNU နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

စစ်ကောင်စီ ဗျူဟာတပ်စခန်း အခြေချထားသည့် ထီးထာကျေးရွာနေရာသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ယခင်က KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဗဟိုဌာနချုပ်ဟောင်းနေရာ ဖြစ်သည်။

အဆိုပါ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဗဟိုဌာနချုပ်ဟောင်းကို စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက် ၁၉၉၇ ခုနှစ်တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်ကာ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထို့သို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထီးထာတွင် စစ်တပ်က ဗျူဟာစခန်းတစ်ခုအဖြစ် အခိုင်အမာ စခန်းချကာ တပ်စွဲနေထိုင်ခဲ့ကြသည်။

စစ်တပ်က တိုက်ခိုက်သိမ်းယူ တပ်စွဲထားသည့် ထီးထာဗျူဟာ စခန်းကို ၂၈ နှစ်အကြာတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် နွေဦးတော်လှန်းရေးမှ ပေါ်ပေါက်လာခဲ့ကြသည့် တော်လှန်ရေးတပ်များ ပူးပေါင်းကာ ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပြန်လည် တိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ကြသည်။