အပစ်ရပ် ကြေညာသော်လည်း ရှမ်း-ကရင်နီ နယ်စပ်တွင် စစ်ကောင်စီက ထိုးစစ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
ယာယီ အပစ်ရပ်စဲမည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း ရှမ်း-ကရင်နီ အစပ် မိုးဗြဲဒေသတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။
“မိုးဗြဲမှာလည်း စစ်ကောင်စီရဲ့ ထိုးစစ်တွေ ရှိနေတုန်းပါပဲ။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်တဲ့အနေနဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကတော့ အမြဲအဆင်သင့်ရှိနေတဲ့ အခြေအနေမျိုး ရှိပါတယ်။ စစ်ရေးကတော့ အခက် အခဲဆုံးနဲ့ အတင်းမာဆုံး အခြေအနေမှာ ရှိနေပါတယ်။”
ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ကျော်ဖြင့် မိုးဗြဲမြို့အတွင်း သို့ ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ထိတွေ့မှု ဖြစ်ခဲ့သည်ဟု ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာက ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၅ ဦးထက် မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အထိနာသော စစ်ကောင်စီတပ်သည် ခမရ (၄၂၂) တပ်ရင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့အပြင် ဖားဆောင်းနှင့် ဘောလခဲမြို့နယ်တို့တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်ထားမည်ဟု ကြေညာ ထားသော်လည်း ထိုးစစ်ဆင်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေသောကြောင့် ထို ယာယီ အပစ်ခတ်ရပ်စဲမှုသည် မှန်ကန်မှုမရှိဘူးဟု ခွန်းဘီထူးက ဆက်ပြောသည်။
“စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေး လုပ်တယ်ဆိုတာ မမှန်ပါဘူး။ အားလုံး ပြန်ခြုံကြည့်ရင်တော့ ရက်တိုင်း ဗုံးကြဲနေတာ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ အပစ်ခတ်ရပ်စဲရေးကို ယုံကြည်တဲ့သူကတော့ မျက်စိကန်း နားပင်း နေတဲ့သူတွေ ဖြစ်မယ်။”
ကရင်နီပြည် တစ်ဝှမ်းလုံးတွင် စစ်ကောင်စီဘက်မှ တိုက်ခိုက်မှုများ ရပ်တန့်ထားခြင်းမရှိဘဲ ဆက်လက် လုပ် ဆောင်နေသည့် အခြေအနေများကြောင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ အပေါ် ချိန်ညှိ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာပါက ပြန်လည် ခုခံတိုက်ခိုက်သွားမည်ဟု ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ ပါဝင်သော ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ကရင်နီပြည်အပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းမြောက် ဒေသ အပါအဝင် နိုင်ငံတဝန်း၌ လေကြောင် းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး ၎င်းတို့ကိုယ်တိုင် ကြေညာခဲ့သည့် ယာယီအပစ်ရပ်ကြေညာမှုကို နေ့စဉ် ချိုးဖောက်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ငလျင်ကြောင့် ပြည်သူထောင်နှင့်ချီ သေဆုံးခဲ့ပြီးနောက် အပစ်ရပ်ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုများ ကြောင့် အပြစ်မဲ့ပြည်သူ ရာနှင့်ချီ ထပ်မံ သေဆုံးထိခိုက်ခဲ့ရကြောင်း သက်ဆိုင်ရာဒေသရှိ တော်လှန်ရေး တပ်ဖွဲ့ များနှင့် ဒေသခံများက ပြောသည်။