ဗျူဟာကျသော စစ်ကောင်စီနဲ့ ပျူစောထီး စခန်း ၅ ခုကို ချင်းတော်လှန်ရေး အဖွဲ့များ ထိန်းချုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်။ 

စစ်ရေးနှင့် နိုင်ငံရေးအရ အရေးပါသော ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီ နှင့် ပျူစောထီး စခန်း ၅ ခုကို စစ်ဆင်ရေးကြီးများအတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်ဟု ချင်းတော်လှန်ရေး အဖွဲ့များက ပြောဆိုလိုက် သည်။

ချင်းအမျိုးသား တပ်ဦး CNF/ CNA နှင့် ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့- ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG) တို့ ယနေ့ ဧပြီလ ၂၁ ရက်နေ့ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဂန့်ဂေါနဲ့ ကလေးအကြား မိန်းလမ်းမပေါ်မှာရှိတဲ့အတွက် ကျနော်တို့ ထောက်ပို့အတွက် တင်မကဘူး၊ ပြည်သူ လူထုအတွက် ကုန်စည်စီးဆင်းမှု အင်မတန်မှ အရေးပါတဲ့နေရာဖြစ်ပါတယ်။ နိုင်ငံရေးအရဆိုရင်လည်း ကျနော် တို့ ပြောပြောနေကြတဲ့ ဘူးလက်လှဆွေနေရာကို စစ်ကောင်စီက ရွေးကောက်ပွဲကို ရှောရှောရှူရှူ လုပ်နိုင်မယ် ဆိုပြီး တကယ့်အခိုင်အမာ တည်ဆောက်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအရသော် လည်းကောင်း၊ စစ်ရေး အရသော်လည်းကောင်း ကျနော်တို့ ချင်းတောင်အထိကို ရိုက်ခတ်လာနိုင်တဲ့ အတွက် ဗျူဟာအရ အင်မတန်မှ အရေးကြီးတဲ့ နေရာ ဖြစ်ပါတယ်။” 

ချင်းအမျိုးသား တပ်မတော် (CNA) ၏ စစ်ရေးကွပ်ကဲမှုဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော အဓိက စစ်ဆင်ရေးကာလ အတွင်း ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ ဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) နှင့် ပျူစောထီး စိုးမိုးသည့် ကြံသာရွာတို့ကို ၂ လ တာအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် CDF – KKG ဥက္ကဋ္ဌ ဆလိုင်းဇာဘွေထောင် က ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ပြီး ဒုဗိုလ်နှင့် ဒုတပ်ကြပ် အပါအဝင် ၁၀ ဦးကျော်ကို ဖမ်းဆီးရမိထားသည့်အပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရရှိခဲ့ကြသည်။ 

အလားတူ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း အယောက် ၂၀ ကျော် ကျဆုံးခဲ့ကြောင်းဆိုသည်။

ဆက်လက်၍လည်း ကလေး-ဂန့်ဂေါ လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးကို လုပ်သွားမည် ဖြစ်ကြောင်း ဆလိုင်းဇာဘွေထောင်က ပြောသည်။

ဒီစစ်ဆင်ရေးကို ကျနော်တို့ မနားသေးပါဘူး။ အခုလည်း ဒီမှာ ကျနော်တို့ Stand by နဲ့ ရှိနေဆဲပါ။ ကျနော်တို့ နယ်မြေအတွင်းမှာရှိတဲ့ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို ကျနော်တို့ ဒီနှစ်အတွင်း ဒီမိုးရာသီ မတိုင်ခင်မှာ အုပ်ချုပ် နိုင်ဖို့ ဒီတိုက်ပွဲကို ဝင်သွားမှာ ဖြစ်ပါတယ်။” 

CDF-KKG ၏ ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ချက်အရ နှစ်လတာ တိုက်ပွဲကာလအတွင်း တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများသို့ စစ်ကောင်စီဘက် လေကြောင်းဗုံးကြဲ တိုက်ခိုက် မှုပေါင်း အကြိမ်ရေပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့ကြသည်။ 

လေကြောင်း တိုက်ခိုက်မှုအတွင်း ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံနှင့် ပြည်သူ့နေအိမ်ပေါင်း အလုံ ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း ၁၂ ရွာခန့်မှ ပြည်သူပေါင်း ၂၀,၀၀၀ ဝန်းကျင် တိမ်းရှောင်ခဲ့ ကြရပြီး တဝက်ကျော်မှာ ယခုတိုင် တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရ ပြည်သူ စုစုပေါင်း အယောက် ၄၀ ကျော်ခန့် ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Major Operations အတွင်း CNA၊ CDF-KKG နှင့်အတူ ကျောင်းသားတပ်မတော် ABSDF၊ CDF – Hakha၊ CDF – Thantlang၊ CDF CDM – Siyin၊ ယောဒေသလွတ်မြောက်ရေး တပ်ပေါင်းစု၊ CDF – Senthang၊ နဂါးညီနောင် စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။