ထားဝယ်တွင် စစ်ကောင်စီက ၄ ရက်ဆက်တိုက်ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းတွင် ၄ ရက် ဆက်တိုက် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။

သရက်ချောင်းမြို့နယ် အောက်ဘက်အခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ၄ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း KNLA တပ်ရင်း ၁၂ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီခန့်ကလည်း ဝင်းဝစခန်း အနီးဝန်းကျင်ရှိ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများကို ဗုံး ၈ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် မြေးအဖိုးနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

ဧပြီလ ၁၈ ရက်နေ့က ဝင်းဝနယ်မြေရဲစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းပစ်ကူခဲ့သည်။

ဧပြီလ ၂၀ ရက်နေ့ ညပိုင်းမှ ဧပြီလ ၂၁ ရက်နေ့ နံနက် ၄ နာရီခန့်အထိ နှစ်ဖက်ပစ်ခတ်သံများ ညလုံးပေါက် ကြားခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဝင်းဝ၊ မင်းဒပ်၊ ကမြိုင်ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး

ကြဲတိုက်ခိုက်သသလို ည ၁၀ နာရီခွဲတွင်လည်း ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသား ကျေးရွာများဘက်သို့ လေယာဉ် ဖြင့် ဗုံး ၁၅ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

KNLA တပ်ရင်း ၁၂ မှ ကစယ်ကျား အထူးတပ်ဖွဲ့၏ တပ်ခွဲမှူးက စစ်တပ်က လေယာဥ်နဲ့ အကြိမ်ကြိမ်ဗုံးကြဲပေမဲ့ ထိရောက်မှု သိပ်မရှိပါဘူး၊ KNLAတပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိကာ ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦးတော့ ဒဏ်ရာ ရရှိခဲ့တယ်၊ တပ်ဖွဲ့ကို ပြန်ဆုတ်သွားအောင်လို့ ခြိမ်းခြောက်တဲ့သဘောလို့ပဲ ထင်မိတယ် ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်မှာ စိုးရိမ်ရလောက်သည့် အခြေအနေ မရှိဘူးဟု KNLA တပ်ရင်း ၁၂ မှ ကစယ်ကျား အထူးတပ်ဖွဲ့၏ တပ်ခွဲမှူးက ဆိုသည်။

စစ်ကောင်စီတပ်မှ တိုက်ခိုက်ခံရသည့် ဝင်းဝရဲစခန်းနေရာ အနီးရှိ မင်းဒပ်နှင့် သဲချောင်းသားကျေးရွာ အပြင် တိုက်ပွဲဧရိယာအတွင်း မရှိသည့် ကျေးရွာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိ သည်ဟု ဆိုသည်။

လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဝင်းဝ၊ မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်၊ သဲချောင်းသား၊ ချောင်းဝပြင်၊ ရငဲ၊ ကျွဲမင်း ကုန်း စသည့်ကျေးရွာများမှ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင်  ရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ရန်ကုန်ဘက်မှ လာသည့် ကားများမှာ ထားဝယ်တွင် ပိတ်မိနေ ပြီး မြိတ်ဘက်က တက်လာသည့် ကားများမှာလည်း ပုလောနှင့် ပလောက်မြို့များတွင် ပိတ်မိနေသည် မှာ ၅ ရက် ရှိလာပြီဖြစ်သည်။