စစ်ကောင်စီ ဖမ်းသွားသည့် ရွာသားနှစ်ဦး အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်။ 

စစ်ကောင်စီတပ်က လမ်းပြအဖြစ် ဖမ်းသွားသည့် ရွာသားနှစ်ဦး နှစ်ပတ်ကျော်သည်အထိ အဆက်အသွယ် မရသေးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းမှ  လမ်း ပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားနှစ်ဦး သီတင်းနှစ်ပတ်ကျော်သည်အထိ အကျိုးအကြောင်း မသိရ ဘဲ အဆက်အသွယ် ပြတ်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

အသက် ၅၀ ခန့်အရွယ် ကျောက်ထရံ ရွာသားတစ်ဦးက ရွာကိုရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက စာ သင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားတောင်တွေမှာ လူစုခွဲပြီး ညအိပ်ကြတယ်။ နောက်တစ်ရက် ညနေပိုင်း ပြန်ထွက်မဲ့အချိန်မှာ သူတို့နှစ်ယောက်ကို လမ်းပြပေးဖို့ဆိုပြီး ခေါ်သွားတယ်။ သင်္ကြန်ပြီး ပြန်လွှတ်မယ်လို့ ပြော ပြီးခေါ်သွားတာ။ မောရဝတီရေတပ်ထဲအထိ ပါသွားတယ်လို့ ကြားရတယ်။ အခုထက်ထိ ပြန်မလွှတ်သေး ပါဘူး ဟု ပြောသည်။

ကျောက်ထရံကျေးရွာတွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၅၀ နှစ်အရွယ် ဦးသန်းသန်း နှင့် ငါးဖမ်းလုပ် ငန်း လုပ်ကိုင်နေသည့် ဖြူနပ်ရွာသား အသက် ၄၀ အရွယ် ကိုနိုင်နိုင်တို့ကို ဧပြီလ ၈ ရက်နေ့ ညနေ ပိုင်းတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီကျေးရွာအတွင်း တပ်စွဲထားသည့် အချိန်ကလည်း ခေါင်ပြန်ရွာသား ၃ ဦးနှင့် ဇာဒီရွာသား ၁၀ ဦးထက် မနည်းကို ဖမ်းဆီးခဲ့သော်လည်း စစ်ကြောင်းပြန်ထွက်သည့် ဧပြီလ ၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရွာသားများက ဆိုသည်။

ဖမ်းဆီးသွားသူ နှစ်ဦးစလုံးကို မောရဝတီရေတပ်စခန်း အထိ ပါသွားသည်ကိုသာ သိရှိထားရပြီး အဆက်အသွယ်လုံးဝမရသေးသည့် အပေါ် မိသားစုဝင်များက စိတ်ပူစိုးရိမ်နေကြသည်။

ထို့အပြင် ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု စိန်ဘုံကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ညပိုင်းက စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်သုံးလုံး ပြိုသွားကာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန်ခဲ့ သေးကြောင်း ရွာသားများက ပြောသည်။

စိန်ဘုံကျေးရွာသားများက ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ကတည်းက ကြိုတင် ရှောင်တိမ်းနေကြသဖြင့် လူထိခိုက်မှု မရှိခဲ့ဘူးဟု ရွာသားများက ဆိုသည်။

ဓါတ်ပုံ – (ပုံဟောင်း – Crd)