PSLF/TNLA နှင့် စစ်ကောင်စီ တွေ့ဆုံမှု သဘောတူညီမှုမရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးခဲ့ကြပြီး တစ်စုံတစ်ရာ သဘောတူညီမှု မရရှိဘဲ ဩဂုတ်လအတွင်း ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ ကြသည် ဟု PSLF/ TNLA က ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့ တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးမှု အတွင်း စစ်ကောင်စီဖက်က PSLF/TNLA အား နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊မိုးမိတ် စသည့် ဒေသများ မှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းသို့ ပြန်လည် ဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

ထိုသို့တောင်းဆိုမှုကို PSLF/TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြပါသည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ် ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြု အလေး ထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်ဟု PSLF/TNLA က ပြောသည်။

၂ ရက်တာ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲကို PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့်  စစ်ကောင်စီဖက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်ဟု ဆိုသည်။