အလောင်းလာယူသည့် ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက် ခံရ၊ ခေါင်းဆောင် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာတွင် စစ်သားတစ်ဦး ရုပ်အလောင်းကို လာယူသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင် သေဆုံးသွားခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် ပျူးစောထီးအဖွဲ့မှာ ဝါးရစ်ကျေးရွာတွင် မိမိကိုယ်ကို သတ်သေခဲ့သည့် စစ်ကောင်စီ တပ်သား၏ ရုပ်အလောင်းကို လာယူကြခြင်း ဖြစ်သည်။
အဆိုပါ စစ်သားမှာ ဧပြီလ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က သတ်သေခဲ့ရာ ကမောင်းလှော်ကျေးရွာမှ ပျူစောထီးများ က အလောင်းလာယူရန် ကားတစ်စီးကို ချောဆွဲပြီး ထွက်လာချိန် ပြင်ဝန်းကျေးရွာ ရေတံခွန်အနီး၌ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကားအရှေ့ပိုင်း တစ်ခုလုံး သုံးမရအောင် ပျက်စီးသွားတယ်၊ ပျူစော ထီးတွေနဲ့ ကားမောင်းသမားလည်း ပြေးတာ ရွာအရောက်ပဲ၊ မိုင်းဆွဲခံရပြီးတာနဲ့ နောက်ထပ် စစ်သားတွေနဲ့ ပျူစောထီးတွေက စစ်ကူထပ်လိုက်သွားသေးတယ်” ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင် ကိုထွန်းဝေ သေဆုံးခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိကာ ကားမှာလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
သတ်သေသွားသည့် စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းကိုမူ မြိတ်မြို့ကို သယ်ဆောင်သွားသည်ဟု ဖြစ်စဉ်ကို သိနေသည့် ရွာသားတစ်ဦးက ပြောသည်။
ပျူစောထီးခေါင်းဆောင် ကိုထွန်းဝေ၏ ရုပ်အလောင်းကိုလည်း မောင်းလှော်ကျေးရွာကို သယ်ဆောင်သွားပြီး အသုဘ အခမ်းအနား ပြုလုပ်ခဲ့ကြသည်ဟု ရွာသားများက ဆိုသည်။
လက်ရှိတွင် ကျွန်းစုမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးရန်အတွက် ပြင်ဆင်နေပြီး မောင်းလှော် ကျေးရွာ အနီးတဝိုက်ရှိ အရပ်သားကားများကို ချောဆွဲနေကြောင်း ရွာသားများက ပြောသည်။