စစ်တပ်က လမ်းပြအဖြစ် တစ်လ နီးပါး ခေါ်ဆောင်သွားခံရသူ နှစ်ဦး ပြန်လည် လွတ်မြောက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်။
ရေဖြူမြို့နယ်ထဲက တစ်လ နီးပါးအကြာ စစ်ကောင်စီတပ်၏ လမ်းပြအဖြစ် ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦး ပြန်လွှတ်လာသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုထဲက ကျောက်ထရံကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ပြန်ထွက်စဥ် တစ်လနီးပါးကြာ လမ်းပြအဖြစ် ဖမ်းဆီးခံထားရသူ ရွာသားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အသက် ၅၀ ခန့်အရွယ် ကျောက်ထရံ ရွာသားတစ်ဦးက “နှစ်ယောက်စလုံး ရိုက်နှက်ခံထားရတာမျိုး မရှိဘဲ ပြန်လည် လွတ်မြောက်လာတာပါ၊ စစ်တပ်က လမ်းပြခေါ်ဆောင်တာကို သတင်းပေါက်မှာ စိုးလို့ ပြန်မလွှတ် ပေးဘဲ ထားတဲ့ ပုံစံလို့ပဲ ထင်ပါတယ်” ဟု ပြောသည်။
ဧပြီလ ၇ ရက်နေ့က ကျောက်ထရံရွာသား ဦးသန်းသန်းနှင့် ဖြူနပ်ရွာသား ကိုနိုင်နိုင်တို့မှာ စစ်ကောင်စီ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့သည်။
ထို့နောက် ရက်သတ္တပတ် လေးပတ်နီးပါး အကြာ မောရဝတီရေတပ်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီးနောက် ဧပြီလ ၃၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသူနှစ်ဦးအနက် တစ်ဦးမှာ စျေးရောင်းနေသူဖြစ်ပြီး ကျန်တစ်ဦးမှာ ငါးပိုက် လှေလိုက်သူ ဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းမှာ မတ်လ ၂၉ ရက်နေ့တွင် ဇာဒီကျေးရွာအုပ်စု အတွင်းရှိ ပယကျေးရွာဘက်မှ ကျောက်ထရံကျေးရွာထဲသို့ စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီး ဧပြီလကုန်တွင် အဆိုပါကျေးရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
ရေဖြူမြို့နယ် ကလိန်အောင် – ကံပေါက်လမ်းတွင်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖုန်းစစ်ဆေးခံရပြီး မောရဝတီရေတပ်တွင် ဖမ်းဆီးခံရထားသည့် ဖားချောင်းကျေးရွာအုပ်စုထဲမှ ရွာသားတစ်ဦးလည်း မတ်လ ကုန်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သေးကြောင်း ရွာသားများက ဆိုသည်။