မိုးကုတ်ဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်။ 

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ တစ်ဦး ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်ထဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်မှာ နှစ်ရက် ဆက်တိုက်ရှိပြီဟု မြို့ခံများက ပြောသည်။

မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ၂ ရက်နေ့တုန်းကလည်း ကြဲတယ်၊ ဒီနေ့ ၃ ရက်နေ့ မနက် ၉ နာရီလောက်မှ ထပ်လာကြဲတယ်။ ဒီနေ့ကြဲတာ လူသေတာ၊ ထိခိုက်ဒဏ်ရာ ရတာ ရှိတယ်။ ကျနော်တို့ မိုးကုတ် အနောက်ပိုင်း က ကသဲရပ်ကွက်ထဲ ကျတာ။ ဗုံးစမှန်ပြီး ပန်းရန်ဆရာတစ်ယောက်သေတယ်။ ဒဏ်ရာ ရတာာတော့ ၃ ယောက်၊ နှစ်ယောက်က နည်းနည်းပါးပါး မစိုးရဘူး။ တစ်ယောက်က စိုးရိမ်ရတယ်။ ကျနော်တို့က လူထုဆို တော့ ဘာတတ်နိုင်မှာလဲ ကြောက်ကြောက်နဲ့ နေရတာပေါ့ဟု ပြောသည်။

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PSLF/TNLA က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုထဲ ဒေသခံ သေဆုံးထိခိုက်မှုရှိခဲ့သည့်အပြင် နေအိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

အလားတူ မေလ ၂ ရက်နေ့၊ ည ၁၁ နာရီခွဲ အချိန်ခန့်တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ အုပ်ပြင်ရပ်ကွက်ထဲ စစ်တပ်က လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

မနေ့ကလည်း ကြဲတယ်၊ ဒီနေ့လည်း ထပ်လာကြဲတယ်။ မနေ့ကတော့ လူသေတာတော့ မရှိဘူး။ မနေ့တုန်းက ကြဲတာက မိုးကုတ်အနောက်ပိုင်း အုတ်အင်းရပ်ကွက်ထဲကျတာ။ အဲ့ဒီရပ်ကွက်က ဓမ္မာရုံထဲ တစ်လုံးတယ်။ နောက်ပြီး မိုးကုတ် အရှေ့ပိုင်း ဗမွန်ရွာထဲလည်း တစ်လုံး ကျတယ်။ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ ဟု မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့ သည်။

ပြီးခဲ့သည့် ဧပြီလ ၃ဝ ရက်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သေးသည်။ 

စစ်ကောင်စီတပ်သည် PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချခြင်းများ လုပ်နေသည်ဟု PSLF/TNLA က ဆိုသည်။

ထို့ကြောင့် မိဘပြည်သူတို့ အနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲ ရှိကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။