တရုတ်ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက်အတွက် တစ်အိမ်ကို ငါးသိန်းပေး ပြောင်းရွှေ့ခိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်။
တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက် တိုးချဲ့ရန် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်အတွင်း တစ်အိမ် ကျပ်ငါးသိန်းပေးကာ ပြောင်းရွှေ့ခိုင်းနေသည်ဟု ရွာသားများက ပြောသည်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာတွင် ခဲသတ္တု လုပ်ကွက်တိုးချဲ့ တူးဖော်ရန် အတွက်ဟု ဆိုကာ နေအိမ်များကို တစ်ဆောင်လျှင် ကျပ်ငါးသိန်းစီပေးကာ ပြောင်းရွှေ့ခိုင်းနေသည်ဟု ရွာသား များက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကုမ္ပဏီမန်နေဂျာက တစ်အိမ်ကို ငါးသိန်းပေးမယ်၊ ဧပြီလအကုန်မှာ အပြီး ဖယ်ရှားရမယ်၊ ကန့်ကွက်တဲ့ အိမ်ကို ဘတ်ဟိုးနဲ့ အပြီး ဖြိုချဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေတယ်၊ သူတို့ ပေးတဲ့ငွေက မုန့်ဖိုးပေးသလောက်နဲ့ တမင် လုပ်ချင်တာ လုပ်နေတဲ့ သဘောပါပဲ” ဟု ပြောသည်။
ဧပြီလကုန်တွင် အပြီးပြောင်းရွှေ့ ပေးရန်အတွက် ယမုံကျေးရွာ၏ ရွာအဖျားပိုင်းရှိ နေအိမ် ၃၀ ခန့်ကို ပြောဆို ထားသော်လည်း လက်ခံမှုမရှိဘဲ ကန့်ကွက်ငြင်းဆိုသူ များနေသည်ဟု ရွာသားများက ပြောသည်။
တရုတ်နိုင်ငံသားပိုင် ရွှေပင်လယ်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဦးသန်းထိုက်က စစ်ကောင်စီတပ်၊ ပျူစောထီးများ နှင့် ပူးပေါင်း၍ နေအိမ်တစ်ဆောင်လျှင် ငွေကျပ် ငါးသိန်းစီပေးကာ အဓမ္မ ပြောင်းရွှေ့ခိုင်းထားကြောင်း အသက် ရွာသားများက ပြောသည်။
ပြောင်းရွှေ့ခိုင်းထားသည့် နေအိမ်များမှာ မေလ ၄ ရက်နေ့အထိ ပြောင်းရွှေ့ခြင်း မပြုလုပ်ကြသော်လည်း ကုမ္ပဏီဘက်မှ နေအိမ်များကို တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးကြောင်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက ယမုံကျေးရွာ၌ ခဲသတ္တုမိုင်းပေါင်း ၃၂၀ ကျော်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ခဲသတ္ထု ရှားပါးလာခြင်းကြောင့် ခဲသတ္တုမိုင်းပေါင်း ၁၅၀ ခန့်သာ ကျန်ရှိတော့သည်ဟု ရွာသားများက ပြော
သည်။
ကျွန်းစုမြို့နယ် အပါအဝင် တနင်္သာရီတိုင်း အတွင်းရှိ မြို့နယ်အများစုတွင် စစ်အာဏာ သိမ်းပြီးသည့် နောက်ပိုင်း ခဲသတ္တုလုပ်ကွက် အများအပြား ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို ငွေကြေးပေးပြီး တူးဖော် လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။