ကျောက်မဲ ပြည်သူ့ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်။
ရှမ်းမြောက်ရှိ ကျောက်မဲမြို့ပေါ်နှင့် ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“သူတို့က ဆက်တိုက်လာကြဲတယ်။ မနက် ၁၁ နာရီ ကျော်လောက်မှာ နှစ်ခါလာကြဲသွားတာ။ အိမ်ပျက်စီးတာ လည်း ရှိတယ်။ လမ်းပေါ်တွေမှာ ကျတာလည်းရှိတော့ လူတွေက ကြောက်ကြတာပေါ့။ စိုးရိမ်တော့ ဘယ်မှာ နေရမှန်းမသိ လေယာဉ်သံပဲ နားစွင့်နေရတယ်။ လေယာဉ်ကလည်း ဆက်တိုက်ကို ဝဲနေတာ အပေါ်မှာလေ။ ဒီလိုပဲ အခြေအနေကြည့် နားစွင့်ပဲ နေနေကြရတာ” ဟု ကျောက်မဲဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
အလားတူ မေလ ၄ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတို့၏ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ က သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့ပြီးနောက် ကျောက်မဲ၊ နောင်ချို အပြင် မိုးကုတ်မြို့တို့မှာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခံနေရသည်။
ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီသည် TNLA က သိမ်းပိုက်ထားသော မြို့များဖြစ်သည့် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့တို့ကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ အပြီးမှာတွင် TNLA က သတင်းစာ ရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲ၌ တောင်းဆိုထားတဲ့ မြို့များ ပြန်ပေးရန် တရုတ်နှင့် စစ်ကောင်စီတို့က TNLA နယ်မြေရှိ လူထုကို ဖြတ်လေးဖြတ်နှင့် ပိတ်ဆို့ထားသည်ဟု ပြောသည်။
TNLA အနေဖြင့် ဖိအား ဘယ်လောက်များများ မြို့များ ပြန်မပေးရရေးအတွက် လုပ်သွားမည်ဟု သတင်း စာရှင်း လင်းပွဲတွင် ပြောဆိုထားသည်။
မိုးကုတ် ဒေသခံ အမျိုးသား တစ်ဦးက “ကျနော်တို့ မိုးကုတ်ကို ဗုံးကြဲနေတာက နေ့တိုင်းလိုလိုပါပဲ။ လေယာဉ် ကလည်း အမြဲဝဲနေတာ။ ဘာပဲဖြစ်ဖြစ် အကောင်းတွေ ဖြစ်လာဖို့ မျှော်လင့်ထားပေမယ့် နေ့တိုင်းတော့ စိုးရိမ်ပြီး သတိနဲ့ နေရတဲ့ အနေအထားမျိုးပေါ့ဗျာ။ ကြောက်လာဆိုရင်တော့ ကြောက်တယ်။ အထူးသဖြင့် ကလေးတွေ အတွက် စိုးရိမ်နေရတာ။ ဘယ်မှလည်း ထပ်ပြီး မရှောင်ချင်တော့ဘူး။ ဒီနေ့အထိတော့ ဒီလိုပဲ အခြေအနေကို စောင့်ကြည့် သတိနဲ့ နေရာတာမျိုးပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် PSLF/TNLA ထိန်းချုပ်ထားသော မြို့နယ်များထဲ စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်နေသည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင် ရွက်ကြရန် လိုအပ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။