ရှမ်းပြည်အတွင်း ရွှေတူးဖော်မှုများကြောင့် ထိုင်းဂေဟ စနစ် ထိခိုက်မည်ကို စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်။  

ရှမ်းပြည် အရှေ့ပိုင်းက ရွှေတူးဖော်မှုများကြောင့် ထိုင်းနိုင်ငံ၏ ဂေဟစနစ်အား ထိခိုက်မည်ကို ထိုင်းအာဏာပိုင် များက စိုးရိမ်နေကြသည်။

UWSA ‘ဝ’ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ထဲက နမ့်ခုတ် မြစ်၌ ရွှေတူးနေကြခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်(SHRF) က ပြောသည်။

SHRF ၏ အဆိုအရ အဆိုပါ ရွှေတူးဖော်မှုကို ထိုင်းနယ်စပ်နှင့် နီးသည့် မိုင်းယွန်းဒေသ ပိန်းခန်းကျေးရွာ၌ ‘ဝ’ တပ်ဖွဲ့က လုံခြုံရေးယူပေးပြီး တရုတ်ကုမ္ပဏီများ တူးဖော်နေကြခြင်း ဖြစ်သည်ဟု SHRF ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က အဓိကတော့ ဖောင်တွေနဲ့တူးတယ်။ ပြီးတော့ စက်ကြီးတွေနဲ့ တောင်တွေကို ဖြိုပြီးတော့ တူးတာတွေလည်း ရှိတယ်။ ရွှေတူးတာကိုတော့ အဓိက လုပ်နေတာ က တရုတ်ကုမ္ပဏီတွေ ဖြစ်ပြီးတော့ UWSA ကတော့ လုံခြုံရေးပေးတာပေါ့ ဟု ပြောသည်။

ထိုသို့ ရွှေတူးဖော်မှုကြောင့် လူထု၏ ကျန်းမာရေးပိုင်းအပြင် သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာနိုင်စေနိုင် သည်ဟု ယိင်းလျန်းဟန်က ဆက်ပြောသည်။

နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ အများကြီးပဲပေါ့နော်။ အခုဆိုရင် ထိုင်းဘက်က လေ့လာချက်အရဆိုရင် ရေ ထဲမှာ အာဆင်းနစ်တွေပါတယ်။ မာကျူရီရော အာဆင်းနစ်ရော ပါတယ်။ စားမိသောက်မိတဲ့ သူတွေကို ကင်ဆာ ဖြစ်စေတယ်။ အခုချိန်မှာ အစာအိမ်ပြဿနာတွေ ဖြစ်နိုင်တယ်။ သွေးထဲ ရောက်သွားမယ် ဆိုရင် သွေးကင်ဆာတွေ ဖြစ်နိုင်တယ်။ ပြီးရင် သဘာဝပတ်ဝန်းကျင်မှာတော့ အပင်တွေ၊ ငါးမျိုးစိတ်တွေ ထိခိုက် တယ်။ မြစ်ကြောင်း ပြောင်းလဲမှုတို့ ရေသယံဇာတဆုံးရှုံးမှုတို့ ဖြစ်နိုင်တာပေါ့နော်။” 

ဒေသခံများ၏ အပြောအရ မိုင်းယွန်းမြို့က နမ့်ခုတ်မြစ်တွင် ၂၄ နာရီလုံး မရပ်မနား ရွှေ တူးဖော်နေကြသည်ဟု ဆိုသည်။

တရုတ်ကုမ္ပဏီ ၄ ခုက တရုတ်လူမျိုး အလုပ်သမား ၃၀၀ ခန့်နှင့် မြစ်ကမ်းဘေးတစ်လျှောက်က တောင်ကုန်းများနှင့် မြစ်ထဲ၌ ရွှေဖောင်များနှင့် တူးဖော်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရွှေတူးဖော်မှုများမှာ ယခု ၂၀၂၅ ခုနှစ်ထဲတွင် ပို၍ များလာနေသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၊ Mae Fah Luang University က ဧပြီလ ၃၀ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ချင်းရိုင်း၊ မယ်ဆိုင် နှင့် ချင်းဆန်ခရိုင်ထဲရှိ မြစ်များက ရေနမူနာတို့ကိုယူပြီး စစ်ဆေးမှုများ လုပ်ခဲ့ရာ အာဆင်းနစ် ညစ်ညမ်းမှု တွေ့ရှိ ခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများက ဆိုသည်။

မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်မြစ်များထဲက အာဆင်းနစ် ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးရန် ထိုင်းအစိုးရက မြန်မာနိုင်ငံကို တိုက်တွန်းထားကြောင်း Thai Enquirer သတင်းက မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။