အာရက္ခ တပ်တော် AA ဖမ်းဆီးထားသော ချင်းလူငယ်များအား ပြန်လွှတ်ပေးရန် CPSC တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်။
အာရက္ခတပ်တော် ULA/AA က ဖမ်းထားသည့် ချင်းလူငယ် ၆၀ ကျော်ကို ပြန်လွှတ်ပေးရန် ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC) က တောင်းဆိုလိုက်သည်။
အာရက္ခတပ်တော် ULA/AA က ဖမ်းထားသော ချင်းလူငယ်များမှာ မိသားစု စားဝတ်ရေးအတွက် ပြည်မထွက် အလုပ်လုပ်ကိုင်မည့်သူများနှင့် ပညာသင်ရန် သွားကြသည့် အသက်မပြည့်သေးသော ကျောင်းသူ/သားများ ဖြစ်သည်ဟု ချင်းနိုင်ငံရေး ဦးဆောင် ကော်မတီ တာဝန်ရှိသူက ပြောသည်။
ချင်းနိုင်ငံရေး ဦးဆောင် ကော်မတီ (CPSC) ဗဟိုအလုပ်အမှုဆောင် Salai Kyro (ခိုင်လ်ရို) က “အဖမ်းခံရတာက ၂၀၂၃ အောက်တိုဘာကနေ စတယ်။ ၂၀၂၃ အောက်တိုဘာမှာ ကျနော်တို့ ဒီမြေပုံမြို့နယ်ရဲ့ ချင်းရွာတစ်ရွာမှာရှိတဲ့ ဆရာမ တစ်ယောက် အဖမ်းခံရတယ်။ နောက်တစ်ခုကကျတော့ ၂၀၂၄ စက်တင်ဘာမှာ ကျနော်တို့ ပြည်မဘက်ကို သွားမယ်ဆိုတဲ့ စက်လှေတစ်စီးက နောင်တော်ကြီး နောင်တော်ငယ်မှာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးခြင်းကို ခံရတယ်” ဟု ပြောသည်။
ယခု အဖမ်းခံထားရသော သူများမှာ ရခိုင်ပြည်ထဲက မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်ထဲက ချင်းလူငယ်များ ဖြစ် ကြပြီး ၂၀၂၃၊ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တွေမှာ ဖမ်းဆီးခံရသည့် သူများဖြစ်သည်ဟု ခ Salai Kyro (ခိုင်လ်ရို) က ဆက်ပြောသည်။
“ကျနော်တို့ ဒီ ၂၀၂၅ မှာကျတော့ ဧပြီ-မေ အဲ့အတွင်းမှာကျတော့ တချို့လူတွေကျတော့ ရခိုင်ရိုးမကို ကျော်ပြီး တော့ ပြည်မဘက်ကို သွားမယ့်လူတွေ အဖမ်းခံရတယ်။ နောက်တဖွဲ့ကျတော့ ကျောက်ဖြူမြို့ တဖက် ကမ်းမှာ ရှိတဲ့ သဲချောင်းဖူးဆိပ်ရွာမှာ အဖမ်းခံရတယ်လို့ မြေပြင်က အချက်အလက်အရ ကျနော်တို့ သိရပါတယ် ခင်ဗျ။ ဖမ်းခံရတဲ့ထဲမှာ အသက်အရွယ်အားဖြင့်က ၁၃ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးရော ယောက်ကျားလေး ရော ကလေးတွေလည်း ပါတယ်လို့ ကြားရပါတယ်ခင်ဗျ။”
ဖမ်းဆီးခံထားရသော သူများမှာ အသက် ၁၃ နှစ်မှ အသက် ၄၅ နှစ်ကြား အရွယ်များ ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်ထဲက ချင်းကျောင်းသူ/သားများ အပါအဝင် လူငယ် ၆၃ ဦးထက်မနည်းကို AA က ဖမ်းဆီး ထိန်းသိမ်းပြီး စစ်သင်တန်းပေးနေခြင်း ဖြစ်သည်ဟု ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီက မေလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။
အချက် ၅ ချက်ပါ CPSC ၏ ထုတ်ပြန်ချက်ထဲတွင် ULA/AA ၏ မတ်လ ၁၈ ရက်နေ့က ပြဌာန်းချက်အရ အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက် (NDEP) မှာ အများပြည်သူသိအောင် အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ အဆိုပါ ပြဌာန်းချက်နှင့် ပတ်သက်၍ ဌာနေချင်းတိုင်းသားများနှင့် ကြိုတင် ညှိနှိုင်းမှုများ လုပ်သင့်သည်ဟုလည်း Salai Kyro (ခိုင်လ်ရို) က ထောက်ပြသည်။
NDEP ပြဌာန်းချက်အရ လူငယ်များအား ရခိုင်ပြည်ထဲမှ မထွက်ခွာရန် မေလ ၂၂ ရက်နေ့ တားမြစ်ချက်က လူ့အခွင့်အရေး စံနှုန်းနှင့် ကင်းကွာနေသည်ဟု ဆိုသည်။
Salai Kyro (ခိုင်လ်ရို) “ဒီဥပဒေ ပြဌာန်းချက် အပေါ်မှာ ကန့်ကွက်တာမျိုး မဟုတ်ဘူးပေါ့လေ။ ဒါကိုရှင်းရှင်း လင်းလင်း သိစေချင်တယ်။ ကျနော်တို့သည် ဒီ NDEP ကို ကန့်ကွက်တာမဟုတ်ဘူး။ ဒါပေမယ့် ဒီ NDEP ရဲ့ ပြဌာန်းချက် မတိုင်ခင်မှာ ကျနော် တို့ ဒီရခိုင်ပြည်နယ်မှာ ရှိနေတဲ့ တခြားတိုင်းရင်းသားတွေနဲ့ အရင်ဆုံး ညှိနှိုင်း သင့်တယ်လို့တော့ ထင်တယ်။ မျိုးနွယ်စုဆိုင်ရာ ULA ရဲ့ မူဝါဒတွေ လူမျိုးစုဆိုင်ရာ မူဝါဒတွေကို လူမျိုးစု နိုင်ငံ ရေး ခေါင်းဆောင် အင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့လိုမယ်လို့ ကျနော်တို့ မြင်တယ်” ဟု ပြောသည်။
အာရက္ခတပ်တော် ULA/AA အနေဖြင့် အာရက္ခနိုင်ငံကို ထူထောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည့်အတွက် ဒေသတွင်းရှိ ပြည်သူများ၊ လူနည်းစု၏ ဆန္ဒသဘောထားများကို အသိအမှတ်ပြုပြီး ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများကို လူထုအား ရှင်းပြရန် လိုအပ်သည်ဟု ဆိုသည်။
ယခုလည်း အသက်မပြည့်သေးသော ကလေးသူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းမှာ လူ့အခွင့် အရေးအရ War Crimes မြောက်ကြောင်း၊ ULA/AA ၏ အောက်ခြေ တပ်ဖွဲ့ဝင်များ ကျူးလွန်နေမှုတို့ကို ခေါင်းဆောင်များ သိရှိနားလည်ပြီး ဖြေရှင်းပေးရန် တောင်းဆိုထားသည်။
ရခိုင်ပြည်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများထဲ ပြည်သူအားလုံးမှာ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်း ဆိုင်ရာ အခက်အခဲ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ရခိုင်ပြည်ထဲက ချင်းလူမျိုးများပါ အလား တူ ခံစားနေကြရသည်ဟု ဆိုသည်။