ရေကြီးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ် စစ်ရှောင်များ အကူအညီအရေးပေါ် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်။ 

အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက မြန်မာစစ်ရှောင်များ ရေကြီး၍ အရေးပေါ် အကူအညီများ လိုအပ် နေကြသည်။

မီဇိုရမ်ပြည်နယ်၊ တောင်ဘက်ဆုံး လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာ နှင့် ကာကီကျေးရွာထဲ စစ်ရှောင်နေကြသည့် ပလက်ဝမြို့ နယ်က စစ်ဘေးရှောင်များ ရေဘေးကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေကြခြင်း ဖြစ်သည်ဟု စစ်ဘေး ရှောင်အရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။ 

ပလက်ဝ လူသားချင်းစာနာ ကူညီရေးဌာန တာဝန်ခံ ဆလိုင်းသန်းစိုးက အခုသူတို့က အခြေခံ စားနပ်ရိက္ခာ လို အပ်တယ်လို့ပြောတယ်။ ပြောချင်တာက ဆန်၊ ဆီ၊ ဆားတွေက အစပေါ့နော်။ ပြီးတော့ ရေသန့်ပေါ့။ ရေက လည်း အဆင်မပြေဘူးလို့ ပြောတယ်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုတယ်လို့ ပြောတယ် ဆေးဝါးတွေပေါ့။ ပြောချင်တာက သူတို့ မိုးရေထဲမှာပဲ နေနေရတဲ့အချိန်မှာ အအေးမိတာတို့ ဘာတို့ ဖျားနာတာ တို့ ရှိတယ်လို့ပြောတယ်။ အဲ့တော့ အခြေခံ ဆေးဝါးတွေ လိုအပ်တယ်။ နောက်ပြီးတော့မှ ယာယီတဲ အနေနဲ့ပဲ ဖြစ်ဖြစ် ထိုးဖို့ အမိုးအကာတွေ လိုအပ်တယ်လို့ ပြောတယ်။ လက်ရှိ အနေထားမှာတော့ အကူအညီပေးမယ့်သူ မရောက်သေးဘူးလို့ ပြောလို့ရပါတယ် ဟု ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မေလ ၃၁ ရက်နေ့မှ စတင်၍ ရေကြီးခဲ့ပြီး နေအိမ်၊ အသုံးအဆောင် ပစ္စည်း များ ပျက်စီးကာ စုဆောင်းထားသည့် စားနပ်ရိက္ခာများလည်း ဆုံးရှုံးမှုရှိခဲ့သည်ဟု ပလက်ဝ လူသားချင်းစာနာ ကူညီရေးဌာနမှ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ကုလားတန်မြစ် ရေကြီးမှုကြောင့် ကာကီ စစ်ရှောင်စခန်းတွင် နေအိမ် ၆၉ လုံး၊ တွီဒင်း စစ်ရှောင်စခန်းတွင် အိမ် ခြေ ၁၈ လုံး ပျက်စီးသွားခဲ့ပြီး လူဦးရေ ၆၆၉ ဦး ရေဘေးသင့်ခဲ့သည်ဟု ပလက်ဝ လူသားချင်း စာနာကူညီရေး ဌာန တာဝန်ရှိသူက ပြောသည်။

လက်ရှိ ရေကြီးမှုကြောင့် မြစ်ကမ်းနားတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ပြည်သူများသည် တွီဒင်းကျေးရွာ အတွင်းရှိ နီးစပ်ရာ နေအိမ်များ၊ ကျေးရွာအတွင်းက ခန်းမ နေရာများ၌ အရေးပေါ် ပြောင်းရွှေ့နေကြရသည်ဟု ဆိုသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေသည် ယခင်နှစ်ကထက် ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် ယခင်နှစ်မှ ထိုနေရာသို့ ပြောင်းရွှေ့လာသော စစ်ဘေးရှောင် နေအိမ်များသည် ရေနစ်မြုပ်မှုဒဏ်ကို ပို၍ခံခဲ့ရသည်ဟု ဆလိုင်းသန်းစိုးက ဆက်ပြောသည်။

အခုက အရင်နှစ်တွေက ထက်ပိုပြီးမှ ရေတအားကြီးတာ။ ကြီးတဲ့ အခါကျတော့ ဒီနှစ်မှာ တော်တော် အထိ အခိုက်များတယ်လို့ ပြောလို့ရတယ်။ တွီဒင်းကျတော့ အရင်နှစ်တွေမှာ အဲဒီနေရာမှာ မဆောက်ဘူး။ ဒီနှစ်ကျမှပဲ ကွင်းပြင် အရမ်းကောင်းတဲ့ နေရာဖြစ်တော့ သူတို့အပေါ်ပိုင်းမှာ အဆင်မပြေ ဖြစ်တော့ သူတို့ ဆင်းလာတော့ ဒီနှစ်ကျမှပဲ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ နယ်မြေခံတွေ ပြောတဲ့အရဆို အဲဒီနေရာကို ရေမရောက်တာ တော်တော် ကြာပြီလို့ ပြောတယ်။ ရေတအားကြီးမှပဲ ရောက်တယ်လို့ ပြောတော့ တီတွင်းရဲ့ ကိစ္စမှာဆိုရင် ဒီနှစ်မှ ဆင်းလာ ပြီး ဒီနှစ်ကျမှပဲ ရေကြီးတော့ တော်တော်လေး ဖြစ်သွားတာပေါ့။

ဇွန်လ ၁ ရက်နေ့မှစ၍ ရေအနည်းငယ် ပြန်ကျသွားခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ရေပြန် တက်လာသောကြောင့် စစ်ရှောင်များက စိုးရိမ်နေကြသည်။

ရာသီဥတု အခြေအနေအရ မိုးအဆက်မပြတ် ဆက်ရွာသွန်းပါက ယခုထက်ပင် ရေထပ်ကြီးနိုင်သည်ဟု ဆိုကြ သည်။

အဆိုပါ ပလက်ဝဒေသမှ စစ်ဘေးရှောင်များသည် ၂၀၂၂ ခုနှစ် ဝန်းကျင်ကတည်းက လောင်တလိုင်ခရိုင်တွင် လာ ရောက် စစ်ရှောင်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

လောင်တလိုင် ခရိုင်မှာ မီဇိုရမ် ပြည်နယ် တောင်ဘက်စွန်းတွင်ရှိပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ချင်း ထိစပ်လျက် ရှိသည် 

မေလ ၃၁ ရက်နေ့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး ကျန်ဖိုင်းခရိုင်၊ ဗာဖိုင်းကျေးရွာတွင် စစ်ဘေးရှောင်နေသော ချင်းစစ်ဘေးရှောင် ကိုယ်၀န်ဆောင် အမျိုးသမီး အပါအ၀င် ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ဆိုသည်။