ဖားကန့်အား နေ့စဉ်ရက်ဆက် ဗုံးကြဲနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်အား စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်ဟု မြို့ခံများက ပြောသည်။
တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ဆက်ဖြစ်နေသော ဖားကန့်ဒေသတွင်း၌ လေကြောင်း တိုက်ခိုက်မှုများ အပြင် မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်။
ဒေသခံ အမျိုးသားတစ်ဦးက “လမောင်ကုန်းနဲ့ မော်မောင်းကုန်းကို ဒီနေ့ မနက် ၁၁ နာရီခွဲကျော် ၁၁း၄၀ လောက်မှာ လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားတာပါ။ လာပစ်တာက ဂျက်ဖိုက်တာနဲ့ဗျ။ မော်မောင်းလျှံရွာ ဘုန်း ကြီးကျောင်းနဲ့ ကုမ္ပဏီကြားကို နှစ်ကြိမ်ပစ်သွားတာပါ” ဟု ဇူလိုင်လ ၁၅ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြောသည်။
အရပ်သား ဖမ်းဆီးခံရမှုများနှင့် ပစ်သတ်ခံရသည့် အခြေအနေများလည်း ဆက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ဖားကန့် လေကြောင်း တိုက်ခိုက်ခံရမှုထဲ ဇူလိုင်လ ၁၃ ရက်နေ့တွင် မော်မောင်းကုန်းကျေးရွာ စာသင် ကျောင်း ထိမှန် ပျက်ဆီးသွားခဲ့သေးသည်ဟု ဆိုကြသည်။
ဖားကန့် ဒေသခံ အမျိုးသမီးတစ်ဦးက “ဒီနေ့လည်း ကျမတို့ ထွက်ပြေးနေရတာ ဟုတ်တယ်။ အော် ဟိုး ဒီမော် မောင်းကုန်းရွာ ကျောင်းလား အဲ့ဒါက ၁၃ ရက်နေ့ လေယာဉ်နဲ့ လာပစ်သွားတာ။ အထက (ခွဲ) ပေါ့။ ကျောင်း ဆောင်တွေ အမိုးတွေ ပျက်ကုန်တယ်။ အားလုံးက သတိနဲ့ နေပေမယ့် သူတို့က ရွာတွေမှာ တော်လှန်ရေး အဖွဲ့ တွေ ရှိတယ်ထင်ပြီး လာကြဲတာလို့ ပြောနေကြတာတော့ ရှိတယ်” ဟု ပြောသည်။
ထို့အပြင် ဖားကန့်မြို့နယ်ထဲက မှော်ဝမ်းလေး၊ မော်မောင်းလယန်၊ အင်မားယန်နှင့် ရှရော်ခ ညောင်ပင်ကုန်း ကျေးရွာများ အနီးဝန်းကျင်၌လည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ ကြား တိုက်ပွဲများ ဆက်ဖြစ်နေသည်။
အဆိုပါ ဖားကန့်ဒေသခံ အမျိုးသမီးက “အေး တိုက်ပွဲလည်း နေ့တိုင်းလိုလို ဖြစ်တယ်။ အသံက နေ့တိုင်းကြားရ တယ်။ ဒီတစ်ရက် နှစ်ရက်က ပိုအသံကြားရတယ်။ လမ်းတွေကလည်း တချို့နေရာတွေက ပိတ်ထားတော့ မြစ် ကြီးနားဘက် ပြေးဖို့ကလည်း အဆင်မပြေသေးဘူး။ ဖားကန့်ထဲမှာပဲ ပတ်ပြီး ရှောင်နေတာမျိုး ဟုတ်တယ်” ဟု ပြောသည်။
မြေပြင် စစ်ရေး သတင်း အရင်းအမြစ်တစ်ဦး၏ အတည်ပြုပြောဆိုချက်အရ အင်းတော်ကြီး – ဖားကန့် လမ်းပိုင်းတွင် ဇူလိုင်လ ၁၅ ရက်နေ့၌ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ဖားကန့်ဗျူဟာကုန်း အတွက် အရေးပါသည့် လမောင်ကုန်းနှင့် မော်မောင်းကုန်းကို ပြန်လည် ရရှိရေး ယခုရက်ပိုင်းတွင် လေကြောင်း၊ ဒရုန်း အပြင် လက်နက်ကြီး ပစ်ကူများဖြင့် ဆက်တိုက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
တိုက်ပွဲများ၊ လေကြောင်းမှ တိုက်ခိုက်မှုများအပြင် လက်သည်မပေါ်သည့် ပစ်သတ်ခံရမှုများလည်း ဇူလိုင်လ ဒုတိယပတ်ထိ ရှိခဲ့သည်။
ဇူလိုင်လ ၁၂ ရက်နေ့က အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်း ဦးမင်းစိုးဦး နှင့် ဂွေခါ အုပ်ချုပ်ရေးမှူး ဦးဘရန်မွန်းတို့ နှစ်ဦးလည်း ပစ်သတ်ခံလိုက်ရသည်။
ဓါတ်ပုံ – ပုံဟောင်း