ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲက ယူမာကျေးရွာကို စစ်ကော်မရှင်တပ်၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး နှင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၅ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် ယူမာကျေးရွာဘက်ကို ဖားကန့်ဗျူဟာကုန်မှ လက်နက်ကြီးနှင့် ပစ်ခတ်သောကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းထန်ဒဏ်ရာများ ရခဲ့သည်ဟု ဖားကန့်ဒေသခံများ က ပြောသည်။

ဖားကန့်ဒေသခံတစ်ဦးက အေး လိုင်းပေါ်မှာလည်း သူများတွေ တင်ထားတာ တွေ့မှာပါ။ ယူမာရွာကို လက် နက်ကြီးနဲ့ လှမ်းပစ်တာ။ ဖားကန့် ဗျူဟာကုန်းကနေပေါ့နော်။ အေး ပစ်တာက ဒီမြန်မာစစ်တပ်ပေါ့။ ပြောရ ရင်တော့ နှစ်ယောက် သေသွားတယ်ဟု ပြောသည်။

ထို့အပြင် ဩဂုတ်လ ၅ ရက်နေ့တွင် ရှရော်ခကျေးရွာထဲက နေအိမ်တစ်လုံးပေါ်လည်း လက်နတ်ကြီးကျည် ကျရောက်ခဲ့ပြီး မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

အလားတူ ဩဂုတ်လ ၄ ရက်နေ့ကလည်း ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ ရှရော်ခကျေးရွာထဲ ကျရောက်ခဲ့သောကြောင့် သေဆုံးသူ တစ်ဦး ရှိခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

ဖားကန့်ဒေသ၌ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးမှုများ ဆက် တိုက်ရှိနေပြီး ဩဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲထဲတွင် ကလေးတစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIAနှင့် PDF ပူးပေါင်းအဖွဲ့တို့က ရှရော်ခကျေးရွာရှိ ညောင်ပင်ကုန်းစခန်းနေရာကို လက်လွှတ်ခဲ့ရပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

အဆိုပါ ညောင်ပင်ကုန်းနေရာကို KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့က ပြန်လည်ရရှိရေး ထိုးစစ်ဆင်ခဲ့ရာ ဩဂုတ်လ ၄ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့၊ အေးမြသာယာအတက်က ညောင်ပင်ကုန်း စခန်းနေရာတွင် ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွှဲ ၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဆိုသည်။