ပိုလန်နိုင်ငံက ရုရှား ဒရုန်းများ ပစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
ပိုလန်နိင်ငံက လေပိုင်နက်ကို ကျူးကျော်လာသည်ဟု ဆိုကာ ရုရှား ဒရုန်းများကို ဗုဒ္ဓဟူးနေ့က ပစ်ချလိုက်သည်။
ပိုလန်သည် ယူကရိန်းစစ်ပွဲ အတွင်း ပထမဆုံး ပစ်ခတ်မှု လုပ်ခဲ့သော နေတိုးအဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့သည်။
ဤစစ်ဆင်ရေးအတွင်း ပိုလန်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ်များ၊ နယ်သာလန်နိုင်ငံက F-35 များ၊ အီတလီက အေဝက် ထောက်လှမ်းရေး လေယာဉ်များနှင့် NATO အဖွဲ့မှ လေထဲတွင် ဆီဖြည့်ပေးနိုင်သည့် လေယာဉ်များ ပါဝင်ခဲ့သည်။
ရုရှားက ပစ်လွှတ်သည့် ဒရုန်း တစ်စီးသည် ပိုလန်ကျေးရွာတရွာရှိ နှစ်ထပ်အိမ်တစ်အိမ်၏ အပေါ်ထပ်ကို ကျရောက်ခဲ့သည်။
ပိုလန် ဝန်ကြီးချုပ် Donald Tusk (ဒေါ်နယ် တပ်စ်ခ်) က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်ပဋိပက္ခနှင့် အနီးဆုံးရောက်လာနေသည်ဟု လွှတ်တော်ကို ပြောကြားလိုက်သည်။
မော်စကိုဘက်ကတော့ ဒရုန်းများကို ပိုလန်နိုင်ငံဘက်သို့ ပစ်လွှတ်ခြင်းမျိုး မရှိဟု ပြောသည်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒရုန်းများကို ယူကရိန်း အနောက်ပိုင်းရှိ စစ်ရေး အဆောက်အဦများကို တိုက်ခိုက်ရန် လွှတ်တင်ခြင်းသာ ဖြစ်ပြီး ပိုလန်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အစီအစဉ် မရှိဟု ဆိုသည်။
ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီနဲ့ ကနေဒါ အပါအဝင် နေတိုးနိုင်ငံများက သံသယရှိဖွယ် ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချသည်။
ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဂရိ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကတော့ ဒီကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို သောကြာနေ့တွင် အစည်းအဝေး ခေါ်ရန် တောင်းဆိုထားသည်။
ပိုလန်နိုင်ငံအနေဖြင့် ရုရှားက ယူကရိန်းကို အပြင်းအထန် တိုက်ခိုက်နေချိန်တွင် အရာဝတ္ထု ၁၉ ခုက ပိုလန် လေပိုင်နက်ထဲသို့ ဝင်ရောက်လာသောကြောင့် ပစ်ချခဲ့သည်ဟု ပြောသည်။
အနည်းဆုံး ဒရုန်းငါးစီးသည် ယူကရိန်းကို လက်နက် ပို့ဆောင်ရာတွင် နေတိုးက သုံးသည့် Rzeszow လေဆိပ်ကို ဦးတည်ပျံသန်းလာခဲ့သည်ဟု နေတိုး၏ အဆင့်မြင့်အရာရှိတယောက်က AP သတင်းဌာနကို ပြောခဲ့သည်။