KK Park မှ ကျားဖြန့်လုပ်သား ရာနှင့်ချီ ရွှေ့ပြောင်း၊ ဖိအားကြောင့် ပြန်လွှတ်ခြင်းဟု BGF ပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နားရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park ဆိုက်ဘာငွေလိမ်ခြံဝန်းအတွင်းမှ လူပေါင်းရာနှင့်ချီသည် ရွှေ့ပြောင်းထွက်ခွာနေကြသည်။
ကရင်နယ်ခြားစောင့်တပ် (BGF) ၏ စီမံမှုဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့ ညကစတင်ကာ အလျင်အမြန် ရွှေ့ပြောင်းထွက်ခွာနေကြကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။
မျက်မြင်တွေ့ရှိချက်များအရ BGF အဖွဲ့ဝင်များ၏ ကားကြီး/ငယ်များဖြင့် လူအများအပြား အထုပ်အပိုးများဖြင့် ထွက်ခွာနေကြပြီး တရုတ်လူမျိုးများ အများဆုံး ပါဝင်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်က ထပ်မံဝင်ရောက် စီးနင်းမည်ဟူသော သတင်းများကြောင့် ယခုကဲ့သို့ ရွှေ့ပြောင်းခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
သို့သော် BGF တာဝန်ရှိသူ ဗိုလ်မှူးချုပ် စောတင်ဝင်းကမူ “ကျားဖြန့်လို့ နာမည်ထွက်နေလို့ ဖိအားကြောင့် ပေးပြန်တာ” ဖြစ်ကြောင်း ကရင်သတင်းဌာနဖြစ်သည် KIC သတင်းဌာနကို ပြောဆိုထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင် နာမည်ကြီးနေသော KK Park စီမံကိန်းနယ်မြေမှ လူအများအပြား အလျင်အမြန် ရွှေ့ပြောင်းထွက်ခွာနေခြင်းသည် ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးအပြင် နိုင်ငံတကာ ဖိအားတို့နှင့် ဆက်စပ်မှု ရှိနေနိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။