အီရန်စစ်ပွဲအပေါ် နိုင်ငံတကာ တုန့်ပြန်မှုများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်။
အမေရိကန်နှင့် အစ္စရေးတို့၏ သီတင်းပတ်ကုန် တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ကွယ်လွန်သွားပြီဖြစ်ကြောင်း အီရန်အစိုးရသတင်းဌာနများက အတည်ပြုခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် အီရန်နိုင်ငံသည် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် အမေရိကန်၏ မဟာမိတ်များဖြစ်သော ကာတာ၊ ဘာရိန်း၊ UAE၊ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံများသို့ ဒုံးကျည်များဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ပွဲကျယ်ပြန့်လာမည်ကို စိုးရိမ်လျက်ရှိပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စစ်ပွဲများချက်ချင်းရပ်ရန် တောင်းဆိုခဲ့သည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့က အမေရိကန်နှင့် အစ္စရေး၏လုပ်ရပ်သည် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့ကြသည်။
တရုတ်အစိုးရက မည်သည့် အကြောင်းပြချက်နှင့် မဆို အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို လက်နက်အားကိုးပြီး စွက်ဖက်တာကို လက်မခံဘူးဟု ဆိုသည်။
စစ်ပွဲကျယ်ပြန့်လာပါက ကမ္ဘာ့စီးပွားရေးနှင့် ရေနံစျေးနှုန်းကို ထိခိုက်နိုင်တာကြောင့် အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ လည်း တရုတ်က တိုက်တွန်းထားသည်။
ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်ခေါင်းဆောင်များကမူ တိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိကြောင်း ပြောဆိုသော်လည်း အီရန်အနေဖြင့် နျူကလီးယားအစီအစဉ်ကိုရပ်တန့်ကာ ဆွေးနွေးမှုလမ်းကြောင်းကိုရွေးချယ်ရန် တိုက်တွန်းခဲ့သည်။
ဗြိတိန် ဝန်ကြီးချုပ်က အမေရိကန်က ဗြိတိန်ရှိ စစ်အခြေစိုက်စခန်းများကို အသုံးပြုမည်ဆိုပါက သုံးခွင့်ပေးမည်ဟု ပြောသည်။
ဆော်ဒီအာရေဗျနိုင်ငံကမူ အိမ်နီးချင်းနိုင်ငံများအပေါ် အီရန်၏တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချခဲ့သည်။