စစ်ကော်မရှင်အား တရားဝင်မှု မပေးရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်။

ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်က လူ့အခွင့်အရေးကို တန်ဖိုးထားသည့် အစိုးရများအနေဖြင့် စစ်ကောင်စီအတွက် လိုအပ်နေသော “ငွေကြေး၊ လက်နက်နှင့် တရားဝင်မှု” ဆိုသည့် အချက် ၃ ချက်ကို ဟန့်တားပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက် ညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်လာချိန်တွင် စစ်ကောင်စီသည် အရပ်သားများအပေါ် ဆက်လက်တိုက်ခိုက်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိတ်ပင်တားဆီးနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Thomas H. Andrew က ယနေ့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြသည်။ 

မြန်မာစစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတွင် နယ်မြေအမြောက်အမြားကို လက်လွှတ်ဆုံးရှုံးနေရပြီး ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ကြိုးပမ်းမှုများမှာလည်း ကျဆုံးနေသည်ဟု ဆိုသည်။ 

ထို့ပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြုလုပ်ခဲ့သည့် “အတုအယောင် ရွေးကောက်ပွဲ” ကိုလည်း မည်သူကမျှ အသိအမှတ်မပြုကြရန်နှင့် ယင်းရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရကိုလည်း တရားဝင်အစိုးရအဖြစ် လက်မခံရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က နိုင်ငံတကာအစိုးရများကို တိုက်တွန်းလိုက်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရိုဟင်ဂျာများ၏ အခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေသလို၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyberscam) များ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် ဒုက္ခသည် စီးဆင်းမှုများသည် အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများကိုပါ ထိခိုက်ရိုက်ခတ်မှုများ ရှိနေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် ပိတ်ဆို့အရေးယူမှုများကြောင့် စစ်ကောင်စီ၏ လက်နက်နှင့် ဘဏ္ဍာရေး အရင်းအမြစ်များအပေါ် သက်ရောက်မှုရှိခဲ့သော်လည်း၊ လက်ရှိတွင် အချို့သော အစိုးရများ၏ မြန်မာပြည်သူများအပေါ် ထောက်ခံအားပေးမှုမှာ လျော့နည်းလာနေကြောင်း အထူးကိုယ်စားလှယ်က သတိပေးထားသည်။ 

ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံခြားအကူအညီများ လျှော့ချနေခြင်းကြောင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်များ ထိခိုက်နေရကြောင်းလည်း ဆိုသည်။

ယခုအစီရင်ခံစာသည် ၎င်း၏ နောက်ဆုံးအစီရင်ခံစာဖြစ်ပြီး နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာပြည်သူများ လိုလားသည့် စစ်တပ်၏ ထိန်းချုပ်မှုကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြရန် အထူးကိုယ်စားလှယ်က ထပ်မံတိုက်တွန်းထားပါသည်။