ကမ္ဘောဒီးယားတွင် ဒုတိယမြောက် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ တွေ့ရှိ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေးမိန်းချေး (Banteay Meanchey) ပြည်နယ်တွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၌ H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်လိုက်သည်။ 

အဆိုပါ အမျိုးသမီးသည် ၎င်းမွေးမြူထားသော ကြက်ငှက်များ ဖျားနာသေဆုံးမှုနှင့် တိုက်ရိုက်ထိတွေ့မှုရှိခဲ့ပြီးနောက် ၃ ရက်အကြာတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

ယင်းဖြစ်စဉ်သည် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ဒုတိယမြောက် လူသို့ ကူးစက်မှုဖြစ်ပြီး ပထမဆုံးလူနာမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကမ်ပေါ့ (Kampot) ပြည်နယ်တွင် တွေ့ရှိခဲ့သည်။ 

H5N1 ဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် တိရစ္ဆာန်အချင်းချင်း ကူးစက်သော်လည်း လူသို့ ကူးစက်ပါက ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရတတ်ပါသည်။ 

လက်ရှိတွင် ကျန်းမာရေးအာဏာပိုင်များက လူအချင်းချင်းကြား ရောဂါကူးစက်ပြန့်ပွားမှု ရှိမရှိ သိနိုင်ရန် လူနာနှင့် ထိတွေ့ခဲ့သူများအား လိုက်လံစစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။