ချင်းတောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်။

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေသည်။ 

စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားရာနေရာများ သာမက အရပ်သားနေအိမ်များကိုပါ လေကြောင်းမှ တရစပ် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် နှစ်ပတ်ခန့်ကတည်းက ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး၊ ဇွန်လအတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာ ခြင်းဖြစ်သည်။ 

ဇွန်လ ၁၅ ရက်နေ့၊ နံနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်အချိန်တွင် မင်းတပ်မြို့အနီးသို့ လေကြောင်း ၂ စီးဖြင့် (၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ 

အလားတူ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း မင်းတပ်မြို့နယ်အရှေ့ခြမ်းရှိ နေရာတစ်ခုသို့ စစ်တပ်က လေကြောင်းမှ (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ဇွန် ၁၃ ရက်နေ့ကလည်း တိုက်နယ် (၁၄) အတွင်းရှိ ကျေးရွာ တစ်ရွာကို ဗုံးကြဲခဲ့သဖြင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

မင်းတပ်မြို့နယ်အတွင်းက ဒေသခံတစ်ဦးက အခုက တိုက်ပွဲဖြစ်တဲ့နေရာတင် မဟုတ်ဘူး၊ ဘာမှမဆိုင်တဲ့ ရွာ တွေကိုပါ ရည်ရွယ်ချက်ရှိရှိ လိုက်ကြဲနေတာ။ လေယာဉ်သံကြားတာနဲ့ ဘယ်ရွာကို ကြဲမလဲဆိုပြီး ရင်တုန်နေရ တယ်။ အိမ်တွေပျက်တာထက် ကလေးတွေနဲ့ လူကြီးတွေ စိတ်ဒဏ်ရာရမှာကို ပိုစိုးရိမ်ရတယ်ဗျာ။ စစ်တပ်က တော့ သူတို့နယ်မြေပြန်ရဖို့ဆိုရင် ဘာမဆိုလုပ်မယ့်ပုံစံပဲ ဟု ပြောသည်။

အလားတူ ကန်ပက်လက်မြို့နယ်တွင်လည်း မေလ ၁၈ ရက်နေ့ကတည်းက တိုက်ပွဲများ စတင်ခဲ့ရာ ယခုဆိုလျှင် တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သည်။ 

ပြီးခဲ့သည့်အပတ်က တိုက်ပွဲများ ငြိမ်သက်နေသည့် ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

ကန်ပက်လက်မြို့နယ်မှ ဒေသခံတစ်ဦးကလည်း တိုက်ပွဲက ငြိမ်နေသလိုရှိပေမယ့် လုံးဝ စိတ်မချရသေးဘူး။ လေယာဉ်က အချိန်မရွေး လာနိုင်တယ်ဆိုတော့ အမြဲတမ်း သတိနဲ့ နေနေရတာပေါ့။ ကျွန်တော်တို့ဘက်မှာက ပုန်းစရာကျင်းတွေ တူးထားရပေမယ့် မိုးတွင်းဆိုတော့ ရေဝင်တာတွေ၊ မြေပြိုတာတွေကလည်း ရှိနေပြန်ရော။ တကယ်တော့ ပြည်သူတွေက ကြားညှပ်ပြီး ဒုက္ခရောက်နေကြတာပါ ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်တပ်သည် ချင်း-မကွေးအစပ်၊ ယောဒေသရှိ ကျောက်ထုလေဆိပ်ကို အခြေပြုကာ စစ်အင်အားနှင့် ရိက္ခာများကို လေကြောင်းမှတစ်ဆင့် အဆက်မပြတ် ဖြည့်တင်းလျက်ရှိသည်။ 

ကျောက်ထုနှင့် လောင်းရှည်မြို့နယ်များတွင် စစ်တပ်က စစ်ကြောင်း (၂) ကြောင်းဖြင့် လှုပ်ရှားနေပြီး၊ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည့်စစ်သားများကိုလည်း လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် ယောဒေသနှင့် ချင်းတောင်ပိုင်းတစ်ခွင်၌ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး အားကိုးဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိ အထူးရှိကြရန်နှင့် ဘေးလွတ်ရာတွင် ဂရုတစိုက် နေထိုင်ကြရန် တော်လှန်ရေးအဖွဲ့များက သတိပေး နှိုးဆော်ထားသည်။