လူဦးရေ ကန့်သတ်မည့် အဆိုပြုချက်ကို ဆွစ် ပြည်သူများ ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
ဆွစ်ဇာလန်နိုင်ငံတွင် နိုင်ငံသားလူဦးရေ ၁၀ သန်းထက်မကျော်လွန်စေရန် ကန့်သတ်မည့် အဆိုပြုချက်ကို ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ပြည်သူများက ကန့်ကွက်မဲ ၅၅ ရာခိုင်နှုန်း၊ ထောက်ခံမဲ ၄၅ ရာခိုင်နှုန်းဖြင့် ပယ်ချလိုက်ကြသည်။
အဆိုပါ လူဦးရေကန့်သတ်ရေး အဆိုပြုချက်ကို ဆွစ်ဇာလန်နိုင်ငံ၏ လက်ယာစွန်းပါတီဖြစ်သော ‘ဆွစ်ပြည်သူ့ပါတီ (SVP)’ က တင်သွင်းခဲ့ခြင်းဖြစ်သည်။
အကယ်၍ နိုင်ငံတွင်း လူဦးရေ ၁၀ သန်းကျော်လွန်သွားပါက ဥရောပသမဂ္ဂ (EU) နှင့် ချုပ်ဆိုထားသည့် လွတ်လပ်စွာ ဝင်ထွက်သွားလာ အလုပ်လုပ်ကိုင်ခွင့် သဘောတူညီချက်ကို ဖျက်သိမ်းရန် ဖိအားပေးထားသည့် မူဝါဒဖြစ်သည်။
အကယ်၍ ဥရောပသမဂ္ဂ (EU) နှင့် ဆက်ဆံရေး ပျက်ပြားသွားပါက ဆွစ်ဇာလန်နိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမားစျေးကွက် ပိတ်ဆို့သွားမည်ဖြစ်သည်။
လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံရှိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အစရှိသည့် လုပ်ငန်းခွင်အများအပြားမှာ နိုင်ငံခြားသား ဝန်ထမ်းများအပေါ် အဓိက အမှီသဟဲပြုနေရသဖြင့် ထိုသို့သော ပိတ်ဆို့မှုများ ဖြစ်လာမည်ကို ဆွစ်နိုင်ငံသားအချို့က စိုးရိမ်ပူပန်နေကြကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သွင်းကုန်ခွန်စည်းကြပ်မှုကြောင့် ဆွစ်ဇာလန်နိုင်ငံ၏ စီးပွားရေး အထိနာထားသည့် အချိန်အခါမျိုးတွင်၊ ဥရောပသမဂ္ဂနှင့်ပါ ထပ်မံ၍ လမ်းခွဲရမည့် အခြေအနေမျိုးကို ဆွစ်ဇာလန်ပြည်သူများက လိုလားခြင်းမရှိကြသည့်အတွက် ယခုကဲ့သို့ ကန့်ကွက်မဲ ပေးခဲ့ကြခြင်း ဖြစ်သည်။