ဖယ်ခုံတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၂ ဦးဒဏ်ရာရပြီး နေအိမ်များ မီးလောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်တွင် စစ်တပ်က လေကြောင်းမှ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဒေသခံနှင့် တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရပြီး လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင် များနှင့် ဒေသခံများက ပြောသည်။

ဖယ်ခုံမြို့နယ်၊ အလယ်ပဒေါင်ကျေးရွာအုပ်စု၊ ပြင်ဆောင်ကျေးရွာကို ဇွန်လ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင် ခန့်တွင် စစ်တပ်က Y-12 တိုက်လေယာဉ် ၃ စင်းဖြင့် ၂ ကြိမ်တိုင်တိုင် လာရောက်ဝဲပျံကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှာမူ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။ 

ဒေသတွင်း စစ်ဘေးရှောင်တစ်ဦးက ကျနော်ကြားတာတော့ အပြင်ဆောင်မှာပေါ့နော်။ ဆိုတော့ ကျနော် ကြား သိရသလောက်ကတော့ ပြင်ဆောင်မှာ ရဲဘော်တစ်ယောက် ထိတယ်၊ ပြည်သူတစ်ယောက် ထိတယ်ပေါ့နော်။ မစိုးရိမ်ရဘူးဗျ။ အဲ့ဒါတော့ ကြားတယ် ဟု ပြောသည်။

ထို့ပြင် ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်ကလည်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ နေရာတစ်ခု ကို ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စင်းဖြင့် ပေါင် ၂၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံများ က ပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များ နေထိုင်ရာ အရပ်ဘက်နေရာများကို ဦးတည်၍ တိုက်ခိုက်လာခြင်းမှာ မြေပြင် သတင်းပေးများကြောင့် ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ဒလန်ပါတာ သေချာတယ်။ တော်သေးတယ် တစ်ယောက်မှ မထိလို့ပေါ့။ ဒဏ်ရာလည်း မရဘူး။ အသံက တော်တော်ကျယ်တယ်။ မြေပြင်မနိုင်ရင် ကြဲတာ ထုံးစံပါပဲ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖယ်ခုံမြို့နယ်အတွင်း စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တို့ ပူးပေါင်းကာ ထိုးစစ်ဆင်မှုများ ပြု လုပ်နေပြီး စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများပြားနေသဖြင့် လာမည့်ရက်ပိုင်းများအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခန့်မှန်းထားကြသည်။

စစ်တပ်သည် အရပ်ဘက်ပစ်မှတ်များကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲလေ့ရှိပြီး လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့ ညနေပိုင်းကလည်း ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သင်းအုပ်ဆရာ တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ထို့ပြင် စစ်တပ်သည် ကရင်နီပြည်အတွင်း လေကြောင်းအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုအသုံးပြု လာကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ 

ထိုသို့ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် စိုက်ပျိုးရေး လုပ်ငန်းခွင်များကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ တောင်ယာလုပ်ငန်းခွင်သို့ သွားရောက်ရန်ပင် လုံခြုံရေးအရ အထူးစိုးရိမ်နေကြရသည်။

ဇွန်လ ၁၃ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ဖရူဆိုမြို့နယ်၌ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း တောင်သူများ လုံခြုံရေး စိုးရိမ်နေကြရပြီး၊ ဇွန်လ ၁၅ ရက်နေ့ နန်းမယ်ခုံမြို့ ဗုံးကြဲမှုတွင်မူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။