ကျူးကျော်လာသည့် ရုရှားဒရုန်းကို ရိုမေးနီးယား F-16 တိုက်လေယာဉ် ပစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
ပင်လယ်နက်ဒေသ လေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် မောင်းသူမဲ့ ဒရုန်းတစ်စင်းကို ရိုမေးနီးယား F-16 တိုက်လေယာဉ်က တနင်္ဂနွေနေ့တွင် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုလိုက်သည်။
ယင်းသည် ပြီးခဲ့သည့် သောကြာနေ့မှစ၍ သုံးရက်ဆက်တိုက် ဒရုန်းများကို ပစ်ခတ်ချေမှုန်းခဲ့ခြင်းလည်း ဖြစ်သည်။
လွန်ခဲ့သည့် သောကြာနေ့က ပစ်ချခဲ့သော ဒရုန်းမှာ ရုရှားက ယူကရိန်းစစ်ပွဲတွင် အသုံးပြုနေသည့် “ရှာဟက်” (Shahed) အမျိုးအစား ဒရုန်းဖြစ်ကြောင်း ရိုမေးနီးယားသမ္မတက ပြောကြားခဲ့သည်။
နယ်နိမိတ် ကျူးကျော်မှုများ ဆက်တိုက်ဖြစ်ပွားလာသည့်အတွက် ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ရုရှားသံအမတ်အား ဆင့်ခေါ်ထားသည်။
အဆိုပါဒရုန်းသည် ရုရှားနိုင်ငံဘက်မှ လာခြင်းဖြစ်ကြောင်း နေတိုး (NATO) မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း ရုရှားဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ရိုမေးနီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နယ်နိမိတ်ကျူးကျော်လာသည့် ဒရုန်းများကို ပစ်ခတ်ချေမှုန်းပိုင်ခွင့်ရှိသည့် ဥပဒေအား ပြဋ္ဌာန်းခဲ့သည်။
Photo:AP