တိုင်ဖုန်း ဒေါလ်ဖင် တရုတ်သို့ ဝင်ရောက်၊ ပစိဖိတ်တွင် မုန်တိုင်း ၃ ခု ပြိုင်တည်း ဖြစ်ပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။
တိုင်ဖုန်းမုန်တိုင်း ဒေါလ်ဖင် (Dolphin) သည် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားသည့် အချိန်၌ပင် ပစိဖိတ်သမုဒ္ဒရာတွင် နောက်ထပ် မုန်တိုင်း ၂ ခု ဖြစ်ပေါ်နေသဖြင့် လောလောဆယ်တွင် တိုင်ဖုန်းမုန်တိုင်း ၃ ခု တစ်ပြိုင်တည်း ဖြစ်ပေါ်နေသည်။
တိုင်ဖုန်း ဒေါလ်ဖင်သည် တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်သို့ ဝင်ရောက်ခဲ့သည်။
တရုတ်အစိုးရက အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ ကျော်အထိ ပြင်းထန်ခဲ့သည်။
အဆိုပါ မုန်တိုင်းကြောင့် လူဦးရေ အများဆုံးဖြစ်သည့် ရှန်ဟိုင်းနှင့် ဟန်ကျိုး လေဆိပ်များတွင် လေယာဉ်ခရီးစဉ် ၁,၆၀၀ ကျော် ဖျက်သိမ်းခဲ့ရကာ၊ လူပေါင်း ၁ သန်းကျော်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
တရုတ်ပြည်သို့ မဝင်မီ ဂျပန်နှင့် ထိုင်ဝမ်တို့ကို ဖြတ်သန်းခဲ့ရာ အိုကီနာဝါကျွန်းတွင် အပျက်အစီးများ ရှိခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်။
ထို့ပြင် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၌ မုန်တိုင်း ၃ ခု တစ်ပြိုင်တည်း ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ အဆိုပါ မုန်တိုင်းများမှာ တရုတ်သို့ ဝင်ရောက်သွားသည့် “ဒေါလ်ဖင်”၊ “ချန်ဟွန်း” (Chan-hom) နှင့် အသစ်ဖြစ်ပေါ်လာသည့် “ပေလူး” (Peilou) တို့ ဖြစ်ကြသည်။
တိုင်ဖန်း ပေလူး မှာ ဒီနှစ်၏ ၁၆ ခုမြောက် မုန်တိုင်းဖြစ်ပြီး ဂူအမ်ကျွန်းအနီးတွင် စတင်ဖြစ်ပေါ်နေကာ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားရင်း ပိုမိုအားကောင်းလာနိုင်ကြောင်း တရုတ် မိုးလေဝသဌာနက ခန့်မှန်းထားသည်။
Photo:AP