လိမ်လည်မှု တရားခံ ၅ ဦးကိုထိုင်းတရားရုံးက ထောင်ဒဏ် ၄၉,၁၁၀ နှစ်စီ ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်။ 

ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက နာမည်ကျော် Forex-3D ငွေကြေးလိမ်လည်မှုတွင် ပါဝင်သည့် Apiruk Kothi နှင့် အဓိက တရားခံ ၄ ဦး၊ စုစုပေါင်း ၅ ဦးကို ထောင်ဒဏ် ၄၉,၁၁၀ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့က အမိန့်ဒီကရီ ထုတ်ပြန်လိုက်ပါသည်။

တရားရုံးက ထောင်ဒဏ် အပြင် နစ်နာသူများအတွက် လျော်ကြေးငွေ ဘတ် ၄.၉၁၁ ဘီလီယံ ပြန်လည်ပေးလျော်ရန်လည်း အမိန့်ပေးခဲ့သည်။ 

၎င်းငွေလိမ်ဂိုဏ်းသည် ရင်းနှီးမြှုပ်နှံသူ လူပေါင်းများစွာထံမှ စုစုပေါင်း ဘတ် ၂ ဘီလီယံကျော် လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံခဲ့ရသည့် နာမည်ကြီး ထိုင်းသရုပ်ဆောင် မင်းသမီး ပင်းကီး (Pinky – Savika Chaiyadej)၊ ၎င်း၏ မိခင်နှင့် အစ်ကိုဖြစ်သူ အပါအဝင် အခြား ပါဝင်သူအချို့ကိုမူ သက်သေအထောက်အထား မခိုင်လုံသဖြင့် တရားရုံးက ပြစ်ဒဏ်မှ လွှတ်ပေးခဲ့သည်။

Forex-3D သည် လိမ်လည်မှုတစ်ခုဖြစ်ပြီး၊ မင်းသမီး ပင်းကီး အပါအဝင် နာမည်ကြီး အနုပညာရှင်များ၏ ပုံရိပ်ကို အသုံးချကာ ရင်းနှီးမြှုပ်နှံသူ အသစ်များ၏ ငွေဖြင့် အဟောင်းများကို အမြတ်ငွေ ခွဲဝေပေးသည့် နည်းလမ်းဖြင့် လိမ်လည်ခဲ့ခြင်း ဖြစ်သည်။