အိမ်ဟောင်းနံရံတွင် ဝှက်သိမ်းထားသည့် ယူရို ၉ သန်းတန်ဖိုး ရွှေများ တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။ 

အဖြစ်အပျက်ကတော့ Facebook တို့ YouTube တို့မှာ တွေ့ရတဲ့ ဇာတ်လမ်းဆန်ဆန် ပါပဲ။ 

ဘယ်လ်ဂျီယံ နိုင်ငံ အရှေ့ဖလန်းဒါးစ် (East Flanders) ဒေသမှာရှိတဲ့ နေအိမ် တလုံးမှာ ရေဆိုးထုတ်တဲ့ ပိုက်တွေ အသစ် တပ်ဆင်ဖို့ အလုပ်သမားတွေ အလုပ်လုပ်နေကြပါတယ်။ 

အဲဒီအထဲမှာ နွေရာသီကျောင်းပိတ်ရက် အချိန်ပိုင်း အလုပ်လုပ်နေတဲ့  အသက် ၁၈ နှစ်အရွယ် ကျောင်းသား တယောက်လည်း ပါပါတယ်။

သူတို့ အဖွဲ့ဟာ အဆောက်အအုံရဲ့ မြေအောက် နံရံတွေကို တူးဖော်တဲ့ အခါမှာတော့ အလုပ်သမားတွေဟာ နံရံ အတွင်း ဝှက်သိမ်းထားတဲ့ ရွှေချောင်းတွေနဲ့ ရွှေဒဂါးတွေကို တွေ့လိုက်ရပါတယ်။ 

ရွှေတွေ အားလုံးရဲ့ တွက်ချက်ထားတဲ့ တန်ဖိုးအရ ဆိုရင်တွေ့ရှိတဲ့ ရွှေတွေဟာ ပိဿာ ၆၀ ကနေ ၇၀ (ကီလို ဂရမ် ၁၀၀ ကနေ ၁၂၀ ) အတွင်းမှာ ရှိမှာ ဖြစ်ပါတယ်။ 

အဖွဲ့ခေါင်းဆောင်က ခိုးမှု ဖြစ်သွားမှာ စိုးတဲ့အတွက် ရဲကို အကြောင်းကြားဖို့ ဆုံးဖြတ်ခဲ့ပြီး ရဲကို ချက်ချင်း အကြောင်းကြားခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က ရွှေတွေကို ဘေးကင်းလုံခြုံတဲ့ နေရာကို ပြောင်းရွှေ့လိုက်ပြီး ပြင်ပမှ ရတနာ လာရောက်ရှာဖွေသူများ ဘေးအန္တရာယ် မဖြစ်စေရန်အတွက် ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို မဝင်ဖို့ သတိပေးထားလိုက်ပါတယ်။ 

ဘယ်လ်ဂျီယံ ဥပဒေအရ မူလပိုင်ရှင်အစစ်အမှန်ဟာ ၁,၈၂၃ ရက် (၅ နှစ်) အတွင်း လာရောက် ထုတ်ယူခွင့် ရှိပါတယ်။ 

၅ နှစ်ပြည့်တဲ့အထိ ပိုင်ရှင်ပေါ်မလာပါက (နှင့် ရာဇဝတ်မှုနှင့် မကင်းရှင်းသည့် ပစ္စည်းမဟုတ်ပါက) ရွှေရဲ့ တန်ဖိုးကို တွေ့ရှိသူ အလုပ်သမားတွေနဲ့ အဲဒီ မြေနေရာကို ပိုင်ဆိုင်တဲ့ သာရေးနာရေး ကူညီမှု ပရဟိတအဖွဲ့ (CAW Oost-Vlaanderen) တို့အကြား အညီအမျှ ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

ပရဟိတအဖွဲ့၏ ဒါရိုက်တာကလည်း ရရှိလာမည့် ရတနာတွေကို အဖွဲ့ရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။