ထောင်တွင်း ကင်ဆာဖြစ်နေသည့် နိုင်ငံရေး အကျဉ်းသူ ၈ ဦး အသက်အန္တရာယ်ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့်ရှိနေပြီး အချိန်မီ ဆေးဝါးကုသခွင့် မရရှိဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင်အတွင်း အာဟာရ ပြည့်ဝစွာ မရရှိခြင်းနှင့် သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် မရှိခြင်းတို့ကြောင့် ပါးစောင်၊ အစာအိမ်၊ သားအိမ်ခေါင်းနှင့် ရင်သား စသည့် ကင်ဆာရောဂါများကို ဆိုးရွားစွာ ခံစားနေကြရခြင်း ဖြစ်သည်။

WOPP ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က လတ်တလောမှာတော့ မြင်းခြံထောင်၊ မြစ်ကြီးနား ထောင်၊ အိုးဘိုထောင်၊ ညောင်ရွှေထောင်၊ အင်းစိန်ထောင်၊ ရွှေဘိုထောင်တွေမှာကတော့ ကင်ဆာရောဂါ ဖြစ်ပွား နေတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ရှိတယ်လို့ သိရပါတယ်။ ကင်ဆာရောဂါဆိုတဲ့ အခြေအနေက ဆေးကုသခွင့် နှောင့်နှေးရင် ရောဂါပိုကျွမ်းလေဆိုတဲ့ အခြေအနေ ဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ အချိန်နဲ့အမျှ နိုင်ငံရေး အကျဉ်းသူတွေက အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ ပြောလို့ရပါတယ် ဟု ပြောသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသူများသည် အမျိုးသမီးဆိုင်ရာ ရောဂါဝေဒနာများကိုလည်း ဆိုးရွားစွာ ခံစားနေကြရ ကြောင်း WOPP က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် အစာအိမ်ကင်ဆာရောဂါ ခံစားနေရသည့် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦး အချိန်မီ ဆေးကုသခွင့် မရရှိခဲ့သဖြင့် ကျဆုံး ခဲ့ရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသူသည် ၂၀၂၃ ခုနှစ်တွင် ပုဒ်မ ၅၂ – က ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ ဖြစ် ပြီး၊ ဖမ်းဆီးခံရစဉ်ကတည်းက ဗိုက်အောင့်သည့် ဝေဒနာ ခံစားနေရသဖြင့် ထောင်တွင်း၌ လုံလောက်သည့် ဆေးဝါးကုသခွင့်ရရှိရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကာ အချိန်မီ ဆေးကုသခွင့် မရရှိဘဲ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ အချိန်မီ ဆေးဝါးကုသခွင့် မရရှိသည့် အခြေအနေနှင့် ပတ်သက်၍ မဆုမြတ်က ယခုကဲ့သို့ ဆက်လက်ပြောဆိုသည်။

ဆေးကုသခွင့် တောင်းခံတဲ့နေရာမှာ အကျဉ်းထောင် အာဏာပိုင်တွေက လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ပ ဆေးရုံတွေကို လွှဲပြောင်းဖို့ အချိန်ဆွဲတာတွေ၊ အကျဉ်းထောင်တွေထဲမှာ ဆေးဝါးနဲ့ ဆရာဝန် လုံလောက်မှု မရှိဘဲနဲ့ အကျဉ်းထောင်ထဲမှာ ဆေးကုလို့ရတယ်ဆိုတဲ့ အခြေအနေမျိုးတွေနဲ့ ငြင်းဆိုတာတွေ၊ ပြီးတော့ ပြင်ပ ဆေးရုံကို ပို့ဆောင်ဖို့အတွက် အထက်အမိန့်ကို စောင့်ဆိုင်းရမယ်ဆိုပြီးတော့ အကန့်အသတ်မရှိ ရက်တွေ လ တွေနဲ့ ချီပြီးတော့ အချိန်ဆွဲထားတာပေါ့၊ အဲ့ဒီအကြောင်းပြချက်တွေ တွေ့ရပါတယ်။

ထို့ကြောင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လုံလောက်သည့် ဆေးဝါးကုသမှု ရရှိရေးနှင့် အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် တာဝန်ရှိသူများကို ဖိအားပေး တိုက်တွန်းရန် လိုအပ်ကြောင်း WOPP က ထောက်ပြသည်။

မဆုမြတ်က နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ထပ်မံပြီးတော့ ခြိမ်းခြောက်မှု မဖြစ်အောင် ပြင်ပ ဆေးရုံတွေကို လွှဲပြောင်း ကုသခွင့်ပေးဖို့၊ လုံလောက်တဲ့ ဆေးဝါးကုသခွင့် ပေးဖို့တွေ ဒါ့အပြင် နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ICRC လိုမျိုး အကျဉ်းထောင်အတွင်း ဝင်ရောက်ခွင့်ရှိနေတဲ့ အဖွဲ့အစည်းတွေကလည်း အကျဉ်း ထောင် အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေကို ဖိအားပေးပြီးတော့ တိုက်တွန်းနှိုးဆော်ပေးဖို့ လိုအပ်တယ် ဟု ဆက်ပြောသည်။

ထို့ပြင် အကျဉ်းထောင်များအတွင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်၊ အာဟာရပြည့်ဝသည့် အစားအစာများ နှင့် သောက်သုံးရေများလည်း လိုအပ်လျက်ရှိသည်။

WOPP အနေဖြင့် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှု များ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှုများနှင့် လုံလောက်သည့် ဆေးဝါးကုသခွင့်များ ရရှိနိုင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး၊ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာသည်အထိ နိုင်ငံရေးအကျဉ်းသူများနှင့် အတူ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း – Crd)