နိုင်ငံရေး အကျဉ်းသူများ အရေပြားရောဂါ ပြင်းထန်စွာ ဖြစ်ပွားနေဟု WOPP ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။ 

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသူ အများအပြား အရေပြားရောဂါ ဆိုးရွားစွာ ခံစားနေရပြီး တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် ဆေးဝါးများလိုအပ်နေသည်ဟု နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ – WOPP က ပြောသည်။

နိုင်ငံရေးအကျဉ်းသူများ အဖွဲ့- WOPP၏ ပြန်ကြာရေးတာဝန်ရှိသူ မစုမြတ်က “အဓိကအဖြစ်များတဲ့ အရေပြား ရောဂါကတော့ ထောင်ထဲမှာလက်ရှိကတော့ ဝဲနဲ့ ပွေးကတော့ အဓိက အဖြစ်များပါတယ်ရှင့်။ အကျဉ်းထောင် တိုင်း လိုလိုမှာ ဖြစ်နေတာရှင့်။ မိုးတွင်းကာလမှာ ပိုပြီး‌တော့ ဆိုးလာတဲ့ အခြေအနေတွေ ရှိလာတယ်။ ဘယ်လို ဆိုးလာလည်း ဆိုရင် ၇၀ ရာခိုင်နှုန်းလောက် အထိကို အရေပြားရောဂါ ကူးစက်ခံနေရတယ် ဆိုတာသိရတယ်” ဟု ပြောသည်။ 

အကျဉ်းထောင် အသီးသီးတွင် ရေမသန့်ရှင်းမှု၊ ရက်လွန် သို့မဟုတ် နှစ်လွန်ဆေးဝါးများ ပေးမှု၊ မိသားစုများမှ ပို့ပေးသည့် ဆေးဝါးများ မရရှိမှု၊ နေရာမသန့်ရှင်းမှုနှင့် နေရာကြပ်တည်းမှု စသည်တို့ကြောင့် နိုင်ငံရေး အကျဉ်းသူများသည် အရေပြား ကူးစက်ရောဂါ ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်ဟု မစုမြတ်က ဆက်ပြောသည်။

“ရေချိုးရင်လည်း ဒီနေရာမှာပဲ ချိုးရတယ်။ ဒါပေမဲ့ ချိုးရတဲ့နေရာမှာလည်း လူအများနဲ့ ချိုးရတယ်။ ချိုးရေ တွေက လုံလောက်မှုမရှိဘူး။ အဲ့ခါကြတော့ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီးတော့ ကူးစက်နိုင်ခြေက အရမ်း များတယ်။ ဒါ့အပြင် ပြန်ပြီးတော့ အိပ်တဲ့နေရာရော စားတဲ့နေရာရော ဒီတစ်နေရာတည်း ဖြစ်နေတဲ့ အခြေ အနေကြောင့်လည်း ပိုပြီးတော့ မသန့်ရှင်းတာကြောင့် ပိုဆိုးလာတာတွေ့ရတယ်ရှင့်။” 

မိသားစုများမှ ပေးပို့သည့် ဆေးဝါးများတွင် ပုလင်းနှင့်ထည့်ထားသော ဆေးဝါးများကို ထောင်တွင်းသို့ ပေးသွင်း ခွင့်မပြုခြင်း၊ ထောင်ဝန်ထမ်းများ သိထားသော ဆေးဝါးများ မဟုတ်ခဲ့ပါက အကျဉ်းထောင် ဆရာဝန်နှင့် စစ်ဆေး ခြင်း မလုပ်ဘဲ ပေးသွင်းခွင့်မပြုခြင်းတို့ကြောင့် ကူးစက်မှုများ ပိုဆိုးလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဖြစ်ပေါ်နေသည့် ရောဂါများကို စစ်ဆေးခြင်း မလုပ်ဘဲ အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး အနေဖြင့် အသုံးများသည့် Paracetamol ကိုသာပေး၍ ကုသခြင်းတို့ကြောင့် ရောဂါများ၊ ကူးစက်ခြင်းများ ပိုမို ဆိုးရွာလာသည်ဟုလည်း ဆိုသည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အရေပြားကူးစက် ရောဂါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဇွန်လကတည်းက စတင်ဆိုးရွာလာခဲ့ခြင်း ဖြစ်သည်ဟု WOPP က ပြောသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသူများအတွက် သန့်ရှင်းသည့် နေရာထိုင်ခင်း၊ သန့်ရှင်းသည့် သောက် သုံးရေ၊ ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအသောက်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ ဆေးဝါး၊ လစဉ်သုံး ပစ္စည်းများနှင့် အတွင်းခံများ အဓိက လိုအပ်နေသည်ဟု ဆိုသည်။ 

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များထဲတွင် WOPP ၏ စာရင်းအရ နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း အယောက် ၆,၀၀၀ ကျော်ရှိသည်ဟု သိရသည်။