အယ်လ်နီညိုကြောင့် ပနားမားတူမြောင်း သင်္ဘောသွားလာမှု လျော့ချမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။ 

အဓိက ကုန်သွယ်ရေး ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်သည့် ပါနားမားတူးမြောင်းအတွင်း နေ့စဉ် သင်္ဘောဖြတ်သန်းသွားလာမှုကို လာမည့် စက်တင်ဘာလ ၃ ရက်နေ့မှစ၍ လျှော့ချ ကန့်သတ်သွားမည်ဖြစ်ကြောင်း ပါနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ (Panama Canal Authority) က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဤသို့ လျော့ချရခြင်းမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ကြုံတွေ့နေရသည့် ပြင်းထန်သော မိုးခေါင်ရေရှားမှု ကြောင့် ဖြစ်သည်ဟု အာဏာပိုင်အဖွဲ့က ပြောသည် 

အဆိုပါ ကန့်သတ်ချက်များအရ လက်ရှိတွင် တစ်ရက်လျှင် သင်္ဘော ၃၆ စီး ဖြတ်သန်းခွင့်ပြုထားရာမှ ၃၄ စီးသို့ လျှော့ချမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ၃၂ စီးအထိ ထပ်မံ လျှော့ချသွားမည်ဖြစ်သည်။

အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်ကာ ကမ္ဘာတစ်ဝန်း လေထုဖိအားနှင့် မိုးရေချိန် အပြောင်းအလဲများကို ဖြစ်ပေါ်စေသည့် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဗဟိုအမေရိက ဒေသအတွင်း ပြင်းထန်သော မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အာတလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ထားသည့် ပါနားမားတူးမြောင်းသည် ကမ္ဘာ့ ရေကြောင်းကုန်သွယ်မှု၏ ၅ ရာခိုင်နှုန်းနှင့် အမေရိကန် ပြည်ထောင်စု၏ ကွန်တိန်နာ ကုန်စည်ပို့ဆောင်မှု ၄၀ ရာခိုင်နှုန်းခန့်ကို စီမံခန့်ခွဲပေးနေသည့် မဟာဗျူဟာမြောက် ရေကြောင်းလမ်း ဖြစ်သည်။ 

တူးမြောင်း လည်ပတ်နိုင်ရေးအတွက် မူလက သဘာဝရေကန်ကြီး နှစ်ခုအတွင်း စုစည်းရရှိသည့် မိုးရေကို အဓိက အသုံးပြုရခြင်းဖြစ်သည်။

တူးမြောင်း ရေဝေရေလဲဒေသများတွင် ခန့်မှန်းထားသည်ထက် မိုးရေချိန် နည်းပါးခဲ့သဖြင့် ရေကြောင်းလမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ယခုကဲ့သို့ အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း တူးမြောင်းအာဏာပိုင်များက ပြောကြားသည်။ 

ယင်းမတိုင်မီကလည်း အကြီးစား သင်္ဘောကြီးများအတွက် ရေစိမ်ဝင်မှု အနက် (Draft) ကို လျှော့ချခြင်းအပါအဝင် အခြား ရေထုထိန်းသိမ်းရေး အစီအမံများကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

အယ်လ်နီညို ဖြစ်စဉ်သည် ပုံမှန်အားဖြင့် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ယခုနှစ် အယ်လ်နီညိုသည် စံချိန်တင် အပြင်းထန်ဆုံးဖြစ်စဉ်များထဲမှ တစ်ခု ဖြစ်လာဖွယ်ရှိသည်။ 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်သည့် ဟွန်ဒူးရပ်စ်အစိုးရက နိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကို မိုးခေါင်ရေရှားမှု သတိပေးချက် ထုတ်ပြန်ခဲ့သည်။