တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် “သင်္ဂဟမိတ္တ” နာရေးကူညီမှုအသင်းပိုင် လူနာတင်ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က ကျူးလွန်သည်ဆိုသည်ကို နှစ်ဖက် လက်နက်ကိုင် တပ်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
မောတောင်မြို့ အနီးတစ်ဝိုက်တွင် စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ အခြားတော်လှန်ရေးတပ်ဖွဲ့ တို့ စစ်ရေးလှုပ်ရှားနေကြပြီး ယခု ပစ်ခတ်ခံရသည့် တနင်္သာရီ-မောတောင်လမ်း (သိန်ခွန်းကျေးရွာ လမ်းပိုင်း) မှာ စစ်အုပ်စုတပ်က ၂၀၂၄ ခုနှစ်မှစ၍ ပြန်လည်ထိန်းချုပ်ထားသည့် နယ်မြေ ဖြစ် သည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က “အခုအထိတော့ ဘယ်အဖွဲ့ကရယ်လို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ကော်မရှင်က ရာခိုင်နှုန်းတော့ များပါတယ်။ ဒီလို ရာဇဝတ်မှုကို ကျူးလွန်ရဲ တယ်ဆိုရင်” ဟု ပြောသည်။
စက်တင်ဘာလ ၇ ရက် နေ့လယ်ပိုင်းခန့်တွင် အသက် ၃၃ နှစ်အရွယ် ကိုသားကြီး (ခ) ဇော်မင်းထွန်း ဆိုသူသည် သူငယ်ချင်း ၃ ဦးနှင့်အတူ မောတောင်မြို့သို့ အဆိုပါ လူနာတင်ကားဖြင့် ကားကြုံလိုက်ပါလာစဉ် မောတောင်မြို့ ၏ အနောက်တောင်ဘက် ၅၁ မိုင်ခန့်အကွာ၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကိုသားကြီးမှာ နဖူးတည့်တည့်၌ ကျည်ထိမှန်ခဲ့ပြီး မောတောင်မြို့သို့ မရောက်မီ နာရီ ဝက်ခန့်အလိုတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
သေနတ်ထိမှန်ပြီးနောက် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော်လည်း ကားပေါ်တွင် ပါလာသည့် ကျန် ၂ ဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ။
“မြိတ်ကနေ မောတောင်ကို ပြန်လာတာ ဟိုင်းဝေးလမ်းပါ။ အဲဒီလမ်းပေါ်က ရေဖြူရွာ အရောက်မှာ စပစ်တာ ပါ။ အဲဒီနေ့ စောစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်၊ သို့သော် ကားကို ပစ်တဲ့အချိန် တိုက်ပွဲမဖြစ်ဘူးလို့ ပြော တယ်။ ကားကို ဦးတည်ပစ်တာလို့ ကောက်ချက်ချလို့ ရပါတယ်” ဟု နိုင်အဲမွန်က ဆက် ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်း၌ တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ထံ သွားရောက်ကူညီသည့် ကူညီရေးယာဉ်များ ပစ်ခတ်ခံခဲ့ရသဖြင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်သို့ သွားရောက်သည့် မော်တော်ယာဉ်များမှာ မကြာ ခဏ ပစ်ခတ်မှုနှင့် လုယက်မှုများ ရင်ဆိုင်နေရပြီး ဖြစ်စဉ်အများစုမှာ လက်သည်မပေါ်ဘဲ ကျန်ရစ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဓါတ်ပုံ – Crd