တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည့် ကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့က ULA/AA ဦးဆောင်၍ ရခိုင်ပြည်သူများက ဂါရဝပြု ကျင်းပခဲ့ကြသည်။

အရှင်ဥတ္တမသည် မြန်မာနိုင်ငံ သမိုင်းတွင် ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုကို ရှေ့ဆောင်လမ်းပြခဲ့သည့် နိုင်ငံရေး အာဇာနည် ဖြစ်ပြီး အဆိုပါ (၈၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည် ရှိ မြို့နယ်အချို့တွင် အကျဉ်းချုံးသာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ စစ်အုပ်စုတပ်၏ လေကြောင်းအန္တရာယ်ကြောင့် လုံခြုံ ရေး စိုးရိမ်ရသဖြင့် ဆရာတော် ဦးဥတ္တမနေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းများကို အကျဉ်းချုံးသာ ဆောင်ရွက်ခဲ့ကြရပြီး မြို့နယ်အများအပြားတွင် ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့ပေ။

ဒေသခံ တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ဆရာတော် ဦးဥတ္တမက ရခိုင်လူမျိုးဆိုပေမယ့် တနိုင်ငံလုံး ကိုယ်စားပြုသူပါ။ ကျနော်တို့ အမြဲဂုဏ်ယူသလို ရခိုင်လူငယ်တွေက အားကျပါတယ်၊ ဒါကြောင့် လက်ရှိ ဗုံးကြဲ တာတွေ တိုက်ပွဲတွေကြားက ရအောင်ဂါရဝပြုတာပါ ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ရခိုင်ပြည်ရှိ မြို့နယ်အချို့မှ ကျောင်းသားလူငယ်များ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့် ULA/AA တပ်ဖွဲ့ဝင်များက လွမ်းသူ့ပန်းခွေချ၍ ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်ပရောက် ရခိုင်ပြည်သူများကလည်း အရှင်ဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားများကို သက်ဆိုင် ရာ နိုင်ငံများ၌ ကျင်းပခဲ့ကြသည်။

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို ရခိုင်ပြည်သူများ အပါ အဝင် မြန်မာပြည်သူများအနေဖြင့် မမေ့အပ်ကြောင်း ရခိုင်လူငယ်များက ဆိုသည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၃၀ ခန့်သို့ လှည့်လည်ခဲ့သူ ဖြစ်သည်။ ဆရာတော်သည် အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဠိ၊ သက္ကဋ၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့် ဘင်္ဂလီ စသည့် ဘာသာစကား ၁၀ မျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း ဖြစ်သည်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေစဉ် ဆရာတော်သည် ပြင်းပြထက်သန်သော မိန့်ခွန်းများနှင့် အမျိုးသားရေး ဆောင်းပါးများကို ရေးသားခဲ့ပြီး ပြည်သူများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားစေခဲ့သည်။

ထိုအထဲတွင် ၁၉၂၁ ခုနှစ်က ဗြိတိသျှ ဘုရင်ခံ ဆာရက်ဂျီနယ် ခရက်ဒေါက်ထံ စိန်ခေါ်ရေးသားခဲ့သည့် ခရက်ဒေါက် ထွက်သွား ဟု အဓိပ္ပာယ်ရသည့် “Craddock Get Out” စာမှာ အထင် ရှားဆုံး ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် အကြိမ်ကြိမ် အချခံခဲ့ရပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ တွင် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေး ချို့ယွင်းကာ ပျံလွန်တော်မူခဲ့သည်။

ထို့ကြောင့် ဆရာတော် ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် သတ် မှတ်၍ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု၏ နိုင်ငံရေးအာဇာနည်၊ အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် အသိ အမှတ်ပြုကာ နှစ်စဉ် အောက်မေ့ဂုဏ်ပြု ဂါရဝပြုပွဲများ ကျင်းပလေ့ရှိသည်။

ဓါတ်ပုံ – One Nation News