အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာနှင့် AI Chat Bot သုံးစွဲခွင့် အီးယူ တားမြစ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ဥရောပသမဂ္ဂ (EU) သည် ကလေးသူငယ်များကို အွန်လိုင်း ဘေးအန္တရာယ်နှင့် စွဲလမ်းစေမှုများမှ ကာကွယ်ရန် အသက် ၁၅ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာ၊ ဗီဒီယိုမျှဝေရေး ပလက်ဖောင်း၊ AI ချတ်ဘော့နှင့် အွန်လိုင်းဂိမ်း သုံးစွဲခွင့် ပိတ်ပင်မည့် “EU Kids Act” ဥပဒေကြမ်းကို တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်။

ဥရောပကော်မရှင်က တင်သွင်းမည့် ဥပဒေကြမ်းအသစ်အရ နည်းပညာကုမ္ပဏီများသည် ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် သုံးစွဲခွင့်ကို တင်းကျပ်စွာ ကန့်သတ်ရမည်ဖြစ်သည်။

အသက် ၃ နှစ်အောက်ကလေးများ မှာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အသုံးပြုခွင့် လုံးဝ မရှိပါ။

အသက် ၃ နှစ်မှ ၁၂ နှစ်ကြားကလေးများကမူ မိဘများ၏ အပြည့်အဝ ကြီးကြပ်မှုအောက်၌ ကလေးသူငယ်များနှင့် သင့်လျော်သော ဝန်ဆောင်မှုများကိုသာ သုံးစွဲခွင့်ပြုမည်။

အသက် ၁၃ နှစ်မှ ၁၄ နှစ်ကြားကလေးများကို မိဘများ၏ ခွင့်ပြုချက်ဖြင့် အချိန်နှင့် ထိတွေ့ဆက်ဆံမှု အကန့်အသတ်ရှိသော မိတ်ဆက်အကောင့် (Introductory accounts) များကိုသာ အသုံးပြုခွင့်ပေးမည်။

အသက် ၁၅ နှစ်နှင့်အထက်ကလေးများကတော့ ကိုယ်ပိုင်အကောင့်များ သီးသန့်ဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ Facebook၊ TikTok နှင့် Google အပါအဝင် နည်းပညာကုမ္ပဏီများသည် ကလေးသူငယ်များ အကောင့်ဖွင့်လှစ်ရာ၌ အသက်စိစစ်သည့်စနစ် (Age verification) မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်သည်။

ထို့ပြင် စွဲလမ်းစေသည့် ဒီဇိုင်းများနှင့် အန္တရာယ်ရှိသော အကြောင်းအရာများ မပေါ်လွင်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကြီးကြပ်ကြေးများကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။

Photo: Håkon Mosvold Larsen / NTB