ဂျာမနီ ထောက်လှမ်းရေးသတင်းပေါက်ကြားမှုကြောင့် အမျိုးသားလုံခြုံရေးနှင့် မဟာမိတ်ဆက်ဆံရေး ထိခိုက်နိုင်ဟု သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ဂျာမနီ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (BND) ၏ အကြီးအကဲဟောင်း အော်ဂတ်စ် ဟန်းနင်း (August Hanning) နှင့် ရုံးအဖွဲ့မှူးဟောင်း မန်းဖရက် ဒီ (Manfred D.) တို့အား နိုင်ငံတော်သစ္စာဖောက်မှု၊ လျှို့ဝှက်ချက် ပေါက်ကြားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
၎င်းတို့နှစ်ဦး ဖမ်းဆီးခံရမှုသည် ဂျာမနီ၏ အမျိုးသားလုံခြုံရေးနှင့် မဟာမိတ်နိုင်ငံများ၏ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးထားသည်။
စွပ်စွဲချက်များအရ မန်းဖရက် ဒီ သည် ဟန်းနင်း BND ရာထူးမှ အနားယူခဲ့သည့် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစ၍ ၁၂ နှစ်တာကာလအတွင်း အဆင့်မြင့် လျှို့ဝှက်စာရွက်စာတမ်း ၂,၀၀၀ နီးပါးကို ဟန်းနင်းထံ တရားမဝင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
အစိုးရရှေ့နေများ၏ ဖော်ပြချက်အရ ဟန်းနင်းသည် ရရှိလာသော လျှို့ဝှက်သတင်း အချက်အလက်များပေါ်မှာ အခြေခံပြီး နိုင်ငံခြားထောက်လှမ်းရေး အရာရှိတစ်ဦးအတွက် သုံးသပ်ချက်စာတမ်း ရေးသားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကြားသွားသော စာရွက်စာတမ်းများတွင် အီရန်၏ နျူကလီးယားအစီအစဉ်၊ ရုရှားစစ်တပ်၏ လှုပ်ရှားမှုများ၊ ယူကရိန်းစစ်ပွဲဆိုင်ရာ အချက်အလက်များနှင့် မဟာမိတ် ထောက်လှမ်းရေးအဖွဲ့အစည်းများထံမှ ရရှိထားသည့် အပတ်စဉ် ထိပ်သီးသတင်း အစီရင်ခံစာများ ပါဝင်သည်။
ဤပေါက်ကြားမှုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) အပါအဝင် မဟာမိတ်အဖွဲ့အစည်းများက ဂျာမနီနှင့် သတင်းအချက်အလက် မျှဝေမှုကို လျှော့ချလာနိုင်ကြောင်း သုံးသပ်ကြသည်။
လက်ရှိ BND ဥက္ကဋ္ဌ မာတင် ယေးဂါး (Martin Jäger) ကမူ အဖွဲ့အစည်းအတွင်း အရေးပေါ် အစည်းအဝေးခေါ်ယူ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သတင်းအချက်အလက် လုံခြုံရေး စည်းမျဉ်းများကို တင်းကြပ်လိုက်သည်ဟု သတင်းများတွင် ဖော်ပြပါရှိသည်။