အမျိုးသမီးများက အမျိုးသားများထက် ပိုမို နာကျင်ခံစားရသော်လည်း လစ်လျူရှုခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၈ ရက်။
အမျိုးသမီးများသည် ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတွင် အမျိုးသားများထက် နာကျင်မှုကို ပိုမိုခံစားကြရကြောင်း ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်လိုက်သည်။
Nature Medicine ဂျာနယ်တွင် ဖော်ပြခဲ့သည့် အဆိုပါ သုတေသနသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃၅ နှစ်တာကာလအတွင်း နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှ လူပေါင်း ၆ သန်းကျော်၏ အချက်အလက်များကို စနစ်တကျ ဆန်းစစ်ထားခြင်း ဖြစ်သည်။
တွေ့ရှိချက်များအရ ခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ပုခုံး၊ ခါး၊ ဝမ်းဗိုက်နှင့် ဒူးဆစ်အပါအဝင် တိုင်းတာခဲ့သည့် ခန္ဓာကိုယ် ၁၁ နေရာလုံးတွင် အမျိုးသမီးများ၏ နာကျင်မှု ခံစားရမှုနှုန်းသည် အမျိုးသားများထက် သိသိသာသာ မြင့်မားနေသည်။
အထူးသဖြင့် ခေါင်းကိုက်ခြင်း၊ မျက်နှာနှင့် ဝမ်းဗိုက်ပိုင်း နာကျင်မှုများတွင် ပိုမိုထင်ရှားသည်။
နာကျင်မှု ခံစားရမှုနှုန်းသည် အသက် ၅၅ နှစ်မတိုင်မီ အလုပ်လုပ်နိုင်စွမ်းရှိသည့် အရွယ်များတွင် အလျင်မြန်ဆုံး မြင့်တက်လာလေ့ရှိပြီး အသက် ၅၀ ဝန်းကျင်တွင် ပြင်းထန်သော နာကျင်မှုကို အမြင့်ဆုံး ခံစားကြရသည်။
ခါး၊ တင်ပါးနှင့် ဒူးဆစ် နာကျင်မှုများမှာမူ အသက်အရွယ် ရလာသည်နှင့်အမျှ ဆက်တိုက် တိုးပွားလာကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာတစ်ဝန်း ခံစားနေရသည့် နာကျင်မှု ဝန်ထုပ်ဝန်ပိုး၏ ၁၈ ရာခိုင်နှုန်းကျော်သည် ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်းနှင့် အိမ်ထောင်စု ဝင်ငွေနည်းပါးခြင်းတို့နှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။
ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်နှင့် အက်ဒင်ဘာရာ တက္ကသိုလ်တို့မှ ကျန်းမာရေးပါမောက္ခများက အမျိုးသမီးများသည် နာကျင်မှုကို ပိုမိုခံစားရသော်လည်း ဆေးရုံဆေးခန်းများ၌ ကုသမှုခံယူရာတွင် ၎င်းတို့၏ နာကျင်မှုကို လျစ်လျူရှုခံရခြင်း သို့မဟုတ် လိုအပ်သည့် နာကျင်မှုပျောက်ဆေး စနစ်တကျ မရရှိခြင်း စသည့် “လိင်အခြေပြု နာကျင်မှု ကွာဟချက်” (Gender Pain Gap) ကို ရင်ဆိုင်နေရကြောင်း ထောက်ပြကြပြီး ဆေးကုသမှု နယ်ပယ်တွင် အလေးအနက်ထား စောင့်ရှောက်ရန် တိုက်တွန်းထားကြသည်။