ပန်ဆိုင်း စစ်ဘေးရှောင်များ မဝင်ရောက်နိုင်ရန် တရုတ်ဘက်မှ ခြံစည်းရိုးတည်ဆောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။
စစ်ဘေးရှောင်များ ဝင်ရောက်နိုင်ခြင်း မရှိစေရန်အတွက် မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းစစ်ဘေးရှောင် တဲထိုးနေနေသည့် နေရာတလျှောက်တွင် ယခု သီတင်းပတ်အတွင်း တရုတ်ဘက်က ခြံစည်းရိုးတည်ဆောက်နေသည်ဟု စစ်ရှောင်များက ပြောသည်။
ဩဂုတ်လ ဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့အတွင်းရှိ ကျေးရွာပေါင်း (၇) ရွာ က ဒေသခံပြည်သူများ မြန်မာ-တရုတ်နယ်စပ် ကျောက်တိုင် အနီး စစ်ဘေး တိမ်းရှောင်ခဲ့ရပြီး ယခုခါ တရုတ်နိုင်ငံဘက်ခြမ်း က ခြံစည်းရိုးတည်ဆောက်နေသည် ဟု ပြောသည်။
ပန်ဆိုင်းမြို့ခံတစ်ဦး က “တရုတ်ကဆောက်နေတယ်ဆိုတာဟုတ်တယ်။စစ်ရှောင်တွေရောက်ပြီးတစ်ရက်နှစ်ရက်ဆိုသူတို့ကဆောက်နေပြီ” ဟု ပြောသည်။
စစ်ဘေးရှောင်များသည် နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းရှိ နေရာ ၃ နေရာတွင် မိုးကာတဲများထိုးပြီး စစ် ဘေးရှောင်နေကြရသည့်အတွက် တရုတ်ပြည်ဘက်ခြမ်းက ၎င်းတို့ဘက်သို့ မဝင်ရောက်လာဖို့ ခြံစည်းရိုးများ ယခုရက်ပိုင်းအတွင်း အမြန်တည်ဆောက်နေခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်တစ်ဦး က ပြောသည်။
၎င်းက “မိုးတွင်းကာလဖြစ်တာကြောင့်ရေကြီးမှာကိုလည်းကြောက်တယ်။ကျန်းမာရေးမကောင်းမှာကိုလည်းစိုးရိမ်တယ်” ဟု ပြောသည်။
ယခုထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများသည် ၂၀၁၁ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ယခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် စစ်ဘေးရှောင်ခဲ့ရခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန် လက်ထက်တွင် တရုတ်နိုင်ငံဘက်ခြမ်းက စားနပ်ရိက္ခာအချို့ တစ်ကြိမ် လာရောက်ကူညီပေးခဲ့ဖူးသည်ဟု ဒေသခံ စစ်ရှောင်များက ပြောသည်။
အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦး က “အရင်ကဆိုဒီနယ်စပ်အုတ်မြစ်ကိုကျော်ပြီးစစ်ဘေးတိမ်းရှောင်လို့ရတယ်။အခုတော့ဒီမှာကကလေးငယ်တွေကိုယ်ဝန်ဆောင်တွေရောရှိတယ်။ဒီအုတ်မြစ်မှာခြံစည်းရိုးမြန်မြန်လာလုပ်တော့တော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်လို့“ ဟု ပြောသည်။
လက်ရှိအကြိမ်တွင် တရုတ်နိုင်ငံ ဘက်ခြမ်းက စစ်ဘေးရှောင်များအတွက် တစ်စုံတစ်ရာ လာရောက်ထောက်ပံ့ ကူညီခြင်းမျိုးမရှိသေးသည့်အပြင် ခြံစည်းရိုးများခတ်နေသည့်အတွက် ဒေသအတွင်း စစ်ရေးအခြေအနေ ယခု ထက်ပိုမိုဆိုးရွားတင်းမာလာပါက မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ရမည်ကို မသိဖြစ်နေသည်ဟု စစ်ရှောင်များက ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံဘက်ခြမ်း ပန်ဆိုင်းမြို့တောက်လျှောက်တွင်လည်း နယ်စပ် ခြံစည်းရိုးများ ယခုသီတင်းပတ် အတွင်း တည်ဆောက်နေသည်ဟု ဒေသခံများက ပြောသည်။
မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ဘေးရှောင်နေကြရသည့် ပန်ဆိုင်းမြို့အတွင်းက ကျေးရွာပေါင်း (၇) ရွာက စစ်ရှောင် ၁၄၀၄ ဦးအတွက် ယခုခါ စားနပ်ရိက္ခာအခက်အခဲအပြင် ဆေးဝါး၊ မိုးကာနှင့် အိမ်သာအတွက် ပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု ၎င်းတို့အား သွားရောက်ကူညီပေးနေသည့် ကွတ်ခိုင်မြို့ က လူငယ် တစ်ဦး က ပြောသည်။
စစ်ကောင်စီတပ်နှင် MNDAA (ကိုးကန့်) တပ်တို့အကြား တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် စစ်ရှောင်နေ ကြရသည့် အဆိုပါ စစ်ရှောင်များအတွက် ကွတ်ခိုင်လူငယ်များနှင့် NeT Organizationတို့ ယခုသီတင်းပတ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းအချို့နှင့် အိမ်သာအတွက် လိုအပ်သည့် ပစ္စည်းအချို့အား သွား ရောက်ကူညီခဲ့ကြသည်။
ဓာတ်ပုံ – Mai (MNWM)