ကလောမြို့နယ်အတွင်း တံတားငယ်တွင် ယာဉ်တိုက်မှုများ လစဉ်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ရှိ ရွာချင်းဆက် လမ်းတံတားငယ် နှစ်စင်းတွင် ယာဉ် မတော်တဆ မှုများ လစဉ်ဖြစ်ပွားနေ၍ ဒေသခံများစိုးရိမ် ထိတ်လန့်နေကြသည် ပြောသည်။
ရွာချင်းဆက် လမ်းတံတားငယ် နှစ်စင်းမှာ နှစ်ကြာလာသည် နှင့်အမျှ ခိုင်ခံ့မှု အားနည်းလာနေသည့်အပြင် နေ့စဉ် ကားကြီးများ ဖြတ်သန်းသွားလာနေခြင်းကြောင့် တိမ်းညွတ်လာပြီး အန္တရာယ်ရှိနေသည်ဟု ဒေသခံများက ပြော သည်။
“အဲတံတားတွေက သက်တမ်း ဆယ်နှစ်ကျော် ကြာပြီ။ ကွန်ကရစ်တံတား ဆိုပေမယ့် တော်တော် ဆွေးဟောင်း နေပြီ။ ပြန်ပြုပြင်တာလည်း မရှိဘူး။ ဂဝံကျောက်တွေ တင်တဲ့ ကားကြီးတွေကလည်း နေ့စဉ် ဖြတ်သွားနေ တယ် ဆိုတော့ ဒေသခံတွေလည်း စိုးရိမ်တာပေါ့နော်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထိုလမ်းတံတားငယ် နှစ်စင်းမှာ ကလောမြို့နယ်တွင်းရှိ ဘော်ဆိုင်းမြို့မှ တစ်ဆင့် သာစည်၊ မြေရှား၊ သာဒိုင်နှင့် မိုင်းအင်ကျေးရွာတို့ကို ဖြတ်ပြီး လမ်းနှစ်သွယ် ပုံစံဖြင့် ဘယ်ဘက်တွင် ရပ်စောက်မြို့နှင့် ညာဘက်တွင် ပင်းတ ယမြို့ကို ဆက်သွယ်ထားသည့် တံတားများ ဖြစ်သည်။
အဆိုပါ လမ်းတံတားငယ် နှစ်စင်းမှာ အကာအရံလည်း မရှိသည့်အပြင် ရှည်လျားပြီး လမ်းကွေ့ကြောလည်း များ သောကြောင့် ယာဉ်များကျော်တက်သည့် အချိန်တွင် တစ်စီးနှင့် တစ်စီး မမြင်တွေ့ရပဲ ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။
“ညရေးညတာ ဆိုရင် အက်စီးဒင့်တွေ ဖြစ်တယ်။ ဟိုးတလောတုန်းကလည်း ကားထိုးကျတာ ရှိတယ်။ ဆိုင် ကယ်တွေလည်း ထိုးကျတာ ရှိတယ်။ ဘုန်းကြီးတစ်ပါး ဆိုရင်လည်း ပေါင်ကျိုးသွားတယ်။ ရှောင်ရင်း တိန်းရင်း နဲ့ တွဲကားနဲ့လည်း ဖြစ်ကြတယ်။ အဲတာကျတော့ ကျိုးတာ ပဲ့တာ သတိမေ့တာတွေ ဖြစ်တာပေါ့။ အရင် ရက်က လည်း တစ်ယောက်က မေးရိုးကျိုးလို့ ညတွင်းချင်း ဆေးရုံကြီးကို လွှဲလိုက်ရတယ်။ ဖုံးဖိထားလို့သာ မသိကြ တာ။ လူသေမှုတွေ ဖြစ်နေကြပေမယ့် အလုပ်မရှုတ်ချင်ကြလို့ ကြေအေးလိုက်ကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်မှုကြီးမားသည့် ယာဉ်မတော်တဆမှုကြီးများ အဆိုပါလမ်းတံတား နှစ်စင်းပေါ်တွင် တစ်လလျှင် အနည်း ဆုံး တစ်ကြိမ် ဖြစ်ပွားလျက်ရှိပြီး ယခု မေလအတွင်း (၂) ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့အပြင် မေလအတွင်းတွင်ပင် အသေးစား ယာဉ်မတော်တဆမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြုပြောသည်။
မကြာခဏ ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှုများတွင် အသက်အန္တရယ် စိုးရိမ်ရသည်အထိ ထိခိုက်မှုများ ရှိသော်လည်း အသက်သေဆုံးသည့် ဖြစ်စဉ်မျိုး မကြားသိရသေးဘူးဟု ယင်းတံတား အနီးတွင် နေထိုင်သူများက ပြောသည်။
ဘော်ဆိုင်းမြို့ရှိ ရွာချင်းဆက် လမ်းတံတားငယ် နှစ်စင်းပေါ်တွင် နှစ်စင်းပေါ်တွင် နံနက်မိုးလင်း အချိန်မှ ညသန်း ခေါင်ကျော်အထိ တွဲကားများနှင့် ဂဝံ ကျောက် တင်သည့်ကားများ နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိပြီး ညပိုင်း အချိန်တခဏတွင်ပင် (၁၀) စီးကျော် သည်ဟု နေ့စဉ် တွေ့မြင်နေသူများက ဆိုသည်။
အဆိုပါ လမ်းတံတားငယ် နှစ်စင်း အနက် ပထမ တစ်စင်းမှာ ရှေးယခင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယ တံတားငယ်မှာ လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ယခင် ပင်းတယ ဒေသဦးစီးမှူး ဦးထူးကိုကို လက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ ဒေသဦးစီးမှူး ဦးအာကာလင်း လက် ထက်တွင် ပြုပြင်ဆောင်ရွက်ခြင်း မရှိသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်ဟု သိရသည်။
စစ်ကောင်စီ လက်အောက်ခံ သတ္တုတူးဖော်ရေး ဝန်ကြီးဌာနမှ ဘော်ဆိုင်း မြို့နယ်အတွင်း သတ္တုတူးဖော်ရေး လုပ် ငန်း အသစ်များကို ရပ်ဆိုင်းထားပြီး ယခင် ခွင့်ပြုချက် ရထားသည့် ကုမ္ပဏီ (၁၃) ခု ကိုသာ ဆက်လက် တူးဖော် ခွင့်ပြုထားသောကြောင့် ခွင့်ပြုချက်မဲ့ တစ်နိုင်တစ်ပိုင် တူးဖော်နေသည့် ကားများကို ထိုလမ်းတံတားပေါ် တွင် ဖမ်းဆီးနေသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။