ငါးဖမ်းလှေများကို တလစော၍ ဖမ်းခွင့်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်။

ငါးမဖမ်းရ ကာလ သတ်မှတ်ချက် မကုန်သေးသော်လည်း တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ငါးဖမ်းစက်လှေ ၃၀% ကို ဇွန်လ ၁ရက်နေ့မှစတင်ပြီး ပင်လယ်ပြင်ထွက် ငါးဖမ်းဆီးခွင့်ပြုပေးခဲ့သည် ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဧပြီ၊ မေ၊ ဇွန်လကုန် အထိ ငါးမဖမ်းရကာလ သတ်မှတ်ထားကြောင်း ပြီးခဲ့သည့် မတ်လ ၃ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

ယခင်နှစ်က မေ၊ ဇွန်၊ ဇူလိုင် သုံးလကို ငါးဖမ်းခြင်း မပြုရန် သတ်မှတ်ထားခဲ့ပြီး ယခုနှစ် ငါးမဖမ်းရရာသီ ၃ လ ကို မူ ရှေ့တစ်လတိုး၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ညီတိုးက ပြော သည်။

တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ညီတိုးက “ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ စီးပွားရေး အခက် အခဲတွေကြောင့် အထိုက်အလျောက် ဖြေလျော့နိုင်အောင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ထွက်ခွင့်ပြုလိုက်တဲ့ သဘောပါပဲ။ လှေအကုန်လုံးတော့ မဟုတ်ဘူး” ဟု ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်းတွင် ဒရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ ၁၄၀၀ ခန့်ရှိပြီး အဆိုပါလှေများ အနက်မှ လှေအစီးရေ ၂၅၀ ခန့်ကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ တစ်လစောပြီး ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရန် ခွင့်ပြုပေး လိုက်ခြင်းဖြစ်သည် ဟု သိရသည်။

မြိတ်ခရိုင် တစ်ခုတည်းမှာပင် ဒရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ အစီးရေ ၇၀၀ ကျော်ရှိသည်ဟု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ကမ်းဝေးငါးဖမ်းလှေ အစီးရေ သုံးထောင်ကျော်ရှိပြီး ၎င်းတို့အနက်မှ ၃၀ ရာခိုင်နှုန်းကိုသာ ဖြေလျော့ပေး လိုက် ပြီး ကျန်ရှိလှေများကို သတ်မှတ်ကာလအတိုင်း ဇူလိုင်လ ၁ ရက်နေ့မှ ပင်လယ်ပြင်ထွက် ဖမ်းဆီးခွင့် ပြုသွားမည် ဖြစ်သည်ဟု ဦးအောင်ညီတိုး က ပြောသည်။

ရာသီအလိုက် လုပ်ကိုင်ရသည့် အင်္ဂလန် ကျားပိုက်လုပ်ငန်း၊ ကင်းမွန်ပိုက်လုပ်ငန်းနှင့် ဝါးတန်း (ဝိုင်းချုပ်ပိုက်) လှေများကိုမူ ဧပြီလကုန်အထိ တစ်လတိုးခွင့်ပြုထားခဲ့ပြီး ယခုအခါ အဆိုပါ လှေများက ကမ်းဝင်ရပ်နားထား သည်ဟု သိရသည်။

မြိတ်မြို့တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့သို့ တင်ပို့နေသည့် ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ ဈေးအဆမတန် ကျဆင်းခဲ့သည်ဟု ငါးဖမ်းလှေ လုပ်ငန်းရှင်များက ပြောသည်။

ယင်းသို့စျေး အဆမတန် ကျဆင်းခဲ့သည့်အပြင် စက်သုံးဆီစျေးမှာလည်း ကြီးမြင့်လာသည့် အတွက် ငါးဖမ်းလုပ် ငန်းရှင်များ အရှုံးပေါ်ခဲ့ပြီး အချို့လှေများမှာ သတ်မှတ်ရက် မတိုင်မှီကပင် ငါးဖမ်းလုပ်ငန်းကို ရပ်နားလိုက်ရ သည်အထိ ဖြစ်ခဲ့ရကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်များက ဆိုသည်။

၂၀၂၁ ခုနှစ် (ယခင်နှစ်) ကလည်း ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ သတ်မှတ်ရက်ထက် ၁၅ ရက် စောကာ ဖမ်းဆီး ခွင့်ပြုပေးခဲ့ပြီး ကမ်းဝေးငါးဖမ်းလှေတစ်စီးတွင် ရေလုပ်သား ၁၅ ဦး မှ အယောက် ၅၀ ခန့် အထိ လိုက်ပါ လုပ် ကိုင်ကြသည် ဟု သိရသည်။

ငါးသားပေါက်သည့် ရာသီတွင် သာမက ငါးမျိုးဥ ဥနေသည့် ရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် သတ်မှတ် လုပ် ဆောင်နိုင်မှသာ ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း နော်ဝေး သုတေသနသင်္ဘော၏ လေ့လာ တွေ့ရှိချက်များ အရ သိရသည်။