ဂီတသမား ၂ ဦးကို ပုဒ်မတပ်ကာ ပြည်ထောင်သို့ ပို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်။

ပဲခူးတိုင်း အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့ က ဖမ်းဆီးခံထားရသည့် ဂီတအနုပညာသမား လူငယ် ၂ ဦး ကို ပုဒ်မ ၅၀၅-က တပ်ပြီး ပြည်အချုပ်ထောင်ကို ပို့လိုက်ပြီဟု မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သိရသည်။

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှ ဖမ်းဆီးခံထားရသည့် ဂီတအနုပညာသမား လူငယ် ၂ ဦးဖြစ်သည့် ကိုအောင်ချိုဦး အသက် ၃၅ နှစ် နှင့် မောင်ဟိန်းထက်နိုင် အသက် ၂၀ နှစ်တို့ ကို ပုဒ်မ ၅၀၅-က တပ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် ပြည်အချုပ်ထောင်ကို ပို့လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

”ဥသျှစ်ပင်နဲ့ ပတ်သက်တဲ့ Group တစ်ခုမှာ ဘယ်သူဝင်ရေးမှန်း မသိတဲ့ စာကြောင့် ဖမ်းတာလို့ ပြောတယ်။ ဂီတ သမား ကဗျာ အရေးကောင်းတဲ့ သူတွေပါ” ဟု ဒေသခံတစ်ဦး က ပြောသည်။

၎င်းတို့နှစ်ဦးကို ဇွန်လ ၉ရက်နေ့က ဆိုရှယ်မီဒီယာရှိ ဥသျှစ်ပင်ဂရုတွင် မည်သူဝင်ရေးမှန်းမသိသည့် မှတ်ချက် တစ်ခုကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ကိုအောင်ချိုဦးသည် ဖုန်းအရောင်းဆိုင်နှင့် ဂန္ဓမာစတိုး အမည်ဖြင့် စတိုးဆိုင်ဖွင့်ထားသည်ဟု သိရသည်။

အဖမ်းခံထားရသူ ၂ဦးစလုံးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေး တီးဝိုင်းတွင် ပါခဲ့သူများ ဖြစ်သည် ဟု သိရသည်။

ကိုအောင်ချိုဦးဖခင်သည် ရှေ့နေတစ်ဦးဖြစ်ပြီး ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ ဖူးကြောင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားရုံးတွင် ရွေးကောက်ပွဲအတွက် တရားစွဲခံရဖူးပြီး ဒဏ်ငွေ အရိုက်ခံထားသည်ဟု အသက် ၆၀ အရွယ် ဥသျှစ်ပင်မြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။

ပန်းတောင်းမြို့နယ် အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ အယောက် ၂၀ ခန့်ရှိပြီး လက် ရှိ တိမ်းရှောင်နေကြရသူ ၁၀ ဦးခန့်ရှိသည့် အနက် ဥသျှစ်ပင်သား အများစုဖြစ်သည်ဟု သိရသည်။