ရွှေဘိုတွင် ယခုနှစ် စပါး အပြည့်အဝ မစိုက်ပျိုးနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
မြန်မာနိုင်ငံတွင် ဒုတိယ စပါးအများဆုံး ထွက်ရာ ရွှေဘို ခရိုင်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း လယ်သမားများက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းများ ဆုတ်သွားချိန် ရသည့်အချိန်များတွင် ဝမ်းစာအတွက် မဖြစ်မနေ စိုက်ပျိုးနေရပြီး ယခင်နှစ်များကဲ့သို့ စိုက်ဧကအပြည့် မစိုက်ပျိုးနိုင်ဟု ဒီပဲယင်း၊ ညှောင်လှကျေးရွာက လယ်သမား တစ်ဦးက ပြောသည်။
ညှောင်လှကျေးရွာက လယ်သမား တစ်ဦးက “ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို စားဖို့မရှိမှာ စိုးလို့သာ စိုက်နေရ တာ။ ရိတ်သိမ်းတဲ့ အထိကော ရောက်ပါမလား။ ဘယ်အချိန် မီးရှို့ခံရမလဲဆိုပြီး တွေးပူနေရတာ“ ဟု ပြော သည်။
ထို့အပြင် လယ်သမားများမှာ စိုက်ပျိုးစရိတ် အပြည့်အဝသုံးပြီးလည်း မစိုက်နိုင်ကြဘူးဟု ၎င်းက ဆက် ပြော သည်။
လယ် ၁၀ ဧကရှိသူသည် ၅ ဧက ခန့်သာ စိုက်ပြီး ကျန် ၅ ဧကကို ပျိုးကြဲခင်းကဲ့သို့ အဖြစ် သဘောလောက်သာ စိုက်ပျိုးကြပြီး မြေဆီဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေမှုကြောင့်လည်း စိုက်ပျိုးစရိတ် မတတ်နိုင် ဖြစ်နေရသည်ဟု ၎င်းက ရှင်းပြသည်။
လယ်တစ်ဧကအတွက် စက်သုံးဆီဖိုး ၁၂၅၀၀ ကျပ်၊ ထွန်းစက်မောင်းခ ၁၅၀၀၀ ကျပ် စုစုပေါင်း ၂၇၀၀၀ ကျပ်ခန့် ကုန်ကျပြီး ပေါ်ဆန်းဘေးကြား မျိုးတစ်တင်းလျှင် ၃၂၀၀၀ ကျပ် ပေးရသည်ဟု သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းများ အချိန်မရွေးထိုးလာနိုင်သဖြင့် ကောက်စိုက်မည့်သူ ရှားပါးပြီး ကြဲခင်းများသာ စိုက်ပျိုးနေကြပြီး ရိတ်သိမ်းခွင့်ရမရလည်း မရေရာ မသေချာ အခြေအနေဖြစ်သောကြောင့် အားထည့်မစိုက်ဘဲ ဝမ်းစာအတွက်ခန့်သာ စိုက်ပျိုးနေကြသည် ဟု သိရသည်။
ရွှေဘိုခရိုင်တွင် ဧရာမင်း စပါးသည် စတင် စိုက်ပျိုးချိန်မှ ၅ လ အကြာတွင် ရိတ်သိမ်းနိုင်ပြီး နာမည်ကျော် ပေါ် ဆန်းဘေးကြားသည် ၄ လခွဲခန့် စိုက်သက်ရှိသည် ဟု သိရသည်။
ယခုနှစ်တွင် မိုးဦး သိသိသာသာစောခဲ့ပြီး ဇွန်လတွင် မိုးပြတ်သွားရာမှ ယခု ဇူလိုင်လတွင် မိုးပြန်ရွာသဖြင့် ရာသီဥတုက စိုက်ပျိုးရန် အဆင်ပြေနေသော်လည်း စစ်တပ်၏ စစ်ရေးလှုပ်ရှားနေမှုများ၊ ကျေးရွားများအတွင်း မီးရှို့မှုများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများကြောင့် ရွာသားများက စိုးရိမ်ပြီး စပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်ဟု တည်တောကျေးရွာနေ လယ်သမားတစ်ဦး က ဆက် ပြောသည်။
ပြီးခဲ့သည့်နှစ်က ရွှေဘိုခရိုင်တွင် မိုးစပါးဧက ၆ သိန်း ၇ သောင်းကျော် စိုက်ပျိုးခဲ့သည်ဟု သိရသည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးကို ကျော်လွန်ကာ စစ်ကိုင်းဒေသကြီး သည် အထူးသဖြင့် ရွှေဘိုခရိုင်သည် စပါးထုတ်လုပ်မှုတွင် အရည်အတွက်ရော အရေအသွေးပါ တိုးတက်ခဲ့ပြီး ဈေးကွက် ကျယ်ပြန်လာက မြန်မာနိုင်ငံ၏ ဒုတိယ စပါးကျီးအဖြစ် အသိအမှတ်ပြုလာကြခြင်း ဖြစ်သည်ဟု ဘုရင့်နောင်အခြေစိုက် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦး က ပြောသည်။
ဘုရင့်နောင်အခြေစိုက် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦး က “တခြားမကြည့်နဲ့ ရွှေဘို ပေါ်ဆန်းခေါင်းဈေး ရနေတာကိုပဲကြည့်။ ဖျာပုံတို့ ပုသိမ်တို့ကထွက်တဲ့ ပေါ်ဆန်းကို ကျော်ပြီး ခေါင်းဈေးရနေတာကို ကြည့်ပေါ့“ ဟု ပြောသည်။
နာဂစ်မတိုင်ခင်ကတည်းက စစ်ကိုင်းတိုင်း ရွှေဘိုသည် ဆန်ကောင်းများထွက်ခဲ့ကြောင်း နာဂစ်ဖြစ်ပွားပြီး နောက် ပိုင်း ဆန်သယ်ယူခွင့်ကို လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့်ပြုလိုက်သဖြင့် မြန်မာပြည် အထက်ပိုင်းမှ ဆန်များ အောက်ဘက်တွင် ဈေးကောင်းရကာ စျေးကွက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။
စျေးကောင်း မည်မျှပင်ရနေသော်လည်း စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားက တိုက်ပွဲများ၊ စစ်ရေးတင်းမာနေမှုများအပြင် စစ်တပ်၏ ရက်စက် ယုတ်မာမှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများကြောင့် စစ်ကိုင်းဒေသခံများ နေရပ်အိုးအိမ်များ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို စွန့်ကာ စစ်ဘေးလွတ်မည်ဟု ထင်သည့်နေရာ်များတွင် ထွက်ပြေးတိမ်း ရှောင်နေကြရသည်။
ဓါတ်ပုံ – စားသုံးသူရေးရာ ဦးစီးဌာန (ပုံဟောင်း)