စစ်ကောင်စီ သတင်းပေးဆိုသူ ကြက်ဝိုင်းမှ အပြန်တွင် သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်း စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦး ကြက်ဝိုင်းမှ အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာမှ စစ်ကောင်စီ သတင်းပေး ကိုမောင်မောင်ခ ဆိုသူသည် ဇူလိုင်လ ၃၀ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“သေနတ်အသံက ၂ချက် ကြားလိုက်ရတယ်။ သွားကြည့်တဲ့သူက ဆီးခုံမှာတချက်၊ ချိုင်းအောက်မှာ တချက်ထိ ပြီး ဆိုင်ကယ်ရော လူပါလဲနေတယ် လို့ပြောတယ်။ ကြက်ဝိုင်းက အပြန်မှာ ဖြစ်တာလို့တော့ ပြောတယ်” ဟု အသက် ၃၅ နှစ်အရွယ် သရက်နှစ်ခွကျေးရွာက ရွာသားတစ်ဦးက ပြောသည်။

ကိုမောင်မောင်ခသည် ကြက်သွားတိုက်ပြီး သရက်ချောင်းမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်း နှင်လာစဉ် သရက်နှစ်ခွကျေးရွာ အရောက်တွင် သေနတ်နှင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ကိုမောင်မောင်ခသည် သဲချောင်းကြီးရွာသားတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးဟု ကျော်ဇောကာ ၎င်း၏ ဆွေမျိုးများနှင့်အတူ အခြားရွာများတွင် တိမ်းရှောင်နေထိုင်နေသူ ဖြစ်သည်ဟု သိရသည်။

သေနတ်ဖြင့် အပစ်ခံရပြီးနောက် အရေးပေါ်လူနာတင်ယာဉ်ဖြင့် သရက်ချောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ သော်လည်း အသက်အန္တရာယ်စိုးရိမ်ရခြင်းကြောင့် လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကာ အရေးပေါ်ဆေးကုသနေရသည်ဟု သိရသည်။

အပစ်ခံရသူ ကိုမောင်မောင်ခသည် တောင်ပျောက်တိုက်နယ်အတွင်းမှ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အခြေအနေများကို စစ်ကောင်စီတပ်ဖွဲ့ထံ ပျူစောထီးများနှင့် အတူ ထောက်လှမ်းကာ သတင်းပေးခြင်းများကို ပြုလုပ်နေသူ တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်အတွင်းက ကင်းရှေ့ကျေးရွာတွင် စစ်ကောင်စီ သတင်းပေး ဦးကြိုင်လင်း ဆိုသူလည်း ပစ်သတ်ခံလိုက်ရသည်။