မြိတ်မြို့ ဗုံးပေါက်ကွဲမှု အရန်မီးသတ် တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
မြိတ်ခရိုင်၊ မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ မီးသတ်ကင်းတဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အရန်မီးသတ် တပ်ဖွဲ့ ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ရပ်ကွက်သားများက ပြောသည်။
ဇူလိုင်လ ၃၀ ရက်နေ့၊ ည ၈ နာရီဝန်းကျင် အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဂျိမ်း ဆိုပြီး ဗုံးထကွဲတာ။ အသံက အတော်ကြမ်းတယ်။ အိမ်တွေပါ တုန်သွားတာ။ ကံကြီးရပ်ကွက်နဲ့ ရေပုန်း ရပ်ကွက်ဘက်ကတောင် ကြားရတယ်။ ကြိုတင်စီစဉ်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့တော့ ပြောနေကြတယ်” ဟု အသက် ၄၀ ခန့်အရွယ် သာကေတရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
သာကေတရပ်ကွက် ၁ လမ်းသွယ်ထိပ်ရှိ အ.ထ.က (၄) ကျောင်းဆောင်သစ် မျက်စောင်းထိုး ကင်းတဲတွင် ဗုံးပေါက်ကွဲခဲ့ခြင်းပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ် ရသည်ဟု သိရသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်နှင့် ကမ်းနားလမ်း ကုန်တိုက်အနီး ဖြတ်သန်းသွားလာသူများ ကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ထို့အပြင် မြို့တွင်း လမ်းဆုံနေရာ အချို့တွင်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။
မြိတ်မြို့ပေါ်တွင် ယခုရက်ပိုင်းတွင် အကြောင်းပြချက် မျိုးစုံဖြင့် ဆိုင်ကယ် အများအပြားကို ဖမ်းဆီးကာ ဒဏ် ကြေးတောင်းခံရမှုများလည်း ရှိနေသည်ဟု သိရသည်။