မောတောင် နယ်စပ်ဂိတ် တနင်္လာနေ့ ပြန်ဖွင့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ရှိ လေးလကြာပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး စခန်းဂိတ်ကို သြဂုတ်လ ၁ ရက်နေ့၊ တနင်္လာနေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်တော့မည်ဟု သိရသည်။

မောတောင်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို မြန်မာနိုင်ငံဘက်ခြမ်းမှ ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် ပုံမှန်အတိုင်း ကုန်သွယ်ခွင့်ရရှိကြတော့မည်ဟု ကုန်သည်များနှင့် ကုန်ကား မောင်းနှင်သူများ က ပြောသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် နီးစပ်သူ တစ်ဦးက “ဂိတ်အဖွင့်အပိတ်ကို ကြိုတင်စာထုတ် အကြောင်းကြားတာ မျိုး မရှိပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဌာနဆိုင်ရာတွေကို ဖုန်းဆက်ညွှန်ကြားပြီး ပြန်ဖွင့်ခိုင်းတာလို့ တော့ ကြားရတယ်” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်တော့မည် ဖြစ်သော်လည်း ခရီးသွားလုပ်ငန်းများ နှင့် သက်ဆိုင်သည့် လူဝင်လူထွက်များ မပါသေးဘူးဟု နယ်စပ်ကုန်သွယ်ရေးဂိတ် တာဝန်ရှိသူများထံမှ သိရသည်ဟု မောတောင်မြို့တွင် နေထိုင်သူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မောတောင်- စင်ခွန်နယ်စပ်ဂိတ်အား ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ COVID-19 ရောရါနှင့် ပတ်သက်ပြီး ကျန်းမာ ရေး အခြေအနေအရ မြန်မာနိုင်ငံဘက်ခြမ်းမှ ၄ လ ကြာပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ယခု ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၊ စင်ခွန် နယ်စပ်ကုန်သွယ်ရေးဂိတ်၏ လက်ရှိ COVID-19 စည်းမျဉ်းစည်းကမ်းချက်များ နှင့် ကြေငြာ ချက်များအရ ကုန်သွယ်မှုကိစ္စရပ်များကို အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့ အထိ ပြုလုပ်သွား နိုင်မည်ဖြစ်ပြီး နယ်စပ်ဂိတ်များ သန့်ရှင်းရေး ပြုလုပ်ရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တစ်ရက်ကို ကုန်သွယ်ခွင့် ပိတ်ထားမည် ဟု သိရသည်။

မြိတ်မြို့မှ မောတောင် နယ်စပ်ဂိတ် အထိ ကားဖြင့် အချိန် ၃ နာရီခန့်သာ သွားလာရပြီး ရေထွက်ပစ္စည်းများ တင် ပို့ရာတွင် ကော့သောင်းလမ်းမှ တင်ပို့ရသည်ထက် ဆုံးရှုံးမှု မရှိသလောက် နည်းပါးသည့် ဂိတ်ဖြစ်သည်ဟု ကုန် ကားမောင်းသူများ က ဆိုသည်။