ဘုန်းကြီးကျောင်း မီးလောင်၊ ကိုရင် ၂ ပါးနှင့် ဘုန်းကြီးကျောင်းသား ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။
ဧရာဝတီတိုင်း၊ မြန်အောင်မြို့တွင် ဘုန်းကြီးကျောင်း မီးလောင်ရာမှ ကိုရင် နှစ်ပါးနှင့် ကျောင်းသား နှစ်ဦး မီး လောင်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြန်အောင်မြို့နယ်၊ ဝက်တိုးအုပ်စု၊ ရေတွင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ်လ ၆ ရက်နေ့ နံနက်စောပိုင်း ၁ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့သည့် မီးလောင် မှုအတွင်း ယခုကဲ့သို့ သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်။
“ကျောင်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင် လေးပါးရယ် ကျောင်းသား နှစ်ယောက်ရယ် ရှိတာ။ အခု မီးငြိမ်း သွားတော့ ဆရာတော်နဲ့ ကိုရင်နှစ်ပါးပဲ တွေ့လို့၊ မီးလောင်အုတ်ပုံပြိုနဲ့ သစ်တိုင်တွေကြား လိုက်ရှာတာ မီးကျွမ်း နေတဲ့အလောင်းတွေကိုတွေ့ရတာ” ဟု ကနောင်နယ်မြေ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မီးလောင်သေဆုံးခဲ့သည့် ကိုရင်နှစ်ပါးမှာ ရှင်ပညာဆတ္ထ ၁၃ နှစ် (ဘ) ဦးထွန်းဇော်ဦး၊ ရေတွင်းကုန်းကျေးရွာနှင့် ရှင်ဇဝန ၁၁ နှစ် (ဘ) ဦးစိုးနိုင်၊ ကျောက်ဖျာကျေးရွာ၊ လပွတ္တာမြို့နယ်တို့ကဖြစ်ပြီး ကျောင်းသားနှစ်ဦးမှာ မောင် ကျော်ကျော် ၁၈ နှစ် (ဘ) ဦးညွန့်သန်း၊ ရေတွင်းကုန်းကျေးရွာနှင့် မောင်မိုးသက်နိုင် (ဘ) ဦးစိုးနိုင်၊ ကျောက်ဖျာ ကျေးရွာ၊ လပွတ္တာမြို့နယ်တို့က ဖြစ်သည်ဟု မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အသက် ၆၅ နှစ်ခန့် ရွာသားတစ်ယောက် က “အိပ်ကောင်းချိန်ဆိုတော့ ကလေးတွေက အိပ်ပျော်နေကြတာ ဖြစ် မယ်။ ကျောင်းထိုင်ဆရာတော် ဦးသုစိတ္တရဲ့ ကားကတော့ မီးနည်းနည်း လောင်သွားတယ်။ မှန်တွေကတော့ ကွဲ ကုန်တယ်။ ဘာပစ္စည်းမှ မရလိုက်ဘူး” ဟု ပြောသည်။
လှေကားမှ စတင်ကာ မီးလောင်ကျွမ်းခြင်း ဖြစ်ပြီး အုတ်ညှပ်၊ ပျဥ်ကာ၊ သွပ်မိုး ၂ ထပ် ကျောင်းဆောင်တစ်ခုလုံး ပျက်ဆီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်ဟု ကနောင်နယ်မြေ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
“မီးလောင်ချိန် သိပ်မကြာလိုက်ဘူး။ ၁၅ မိနစ်လောက်နဲ့ မီးညွန့်ကျိုးအောင် ထိန်းနိုင်ခဲ့တယ်။ နောက်ထပ် ၁၀ မိနစ် လောက်မှာ မီးငြိမ်းသွားတာပဲ” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သည့် ရွာသားတစ်ဦး က ပြောသည်။
မီးလောင်မှုနှင့် ပတ်သက်၍ ကနောင်နယ်မြေ မီးသတ်ဦးစီးဌာန တာဝန်ရှိများက စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ခဲ့ ရာ ကျောင်းလှေကားအောက်ရှိ မီးစက်ခန်းအတွင်းမှ လျှပ်စစ်ဝါယာရှော့ ဖြစ်၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။