ကျိုင်းတုံရေကြီး၊ ကားလမ်းအချို့နှင့် အိမ်အချို့ ရေမြုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မြို့အဝင် တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ယနေ့တွင် ရေစတင်ကျလာသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေးသည်ဟု
မြို့ခံပြည်သူများက ပြောသည်။
ကျိုင်းတုံမြို့တွင် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ ကားလမ်းမများပေါ်တွင် ရေဆက်ကြီးဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။
“မြို့ရဲ့ တည်ရှိနေပုံက အနိမ့်ပိုင်းရောက်လို့ တောင်ပေါ်တွေမှာ သစ်မခုတ်ဖို့ သတ္တုစီမံကိန်းတွေ မလုပ်ဖို့ ပြော လာတာလည်း နှစ်ပေါက်နေပြီ။ အရင်လို တောတောင်တွေ သဘာဝပတ်ဝန်းကျင်ကောင်းတွေ မရှိတော့ ရွာသမျှ မိုးတွေက တောင်ပေါ်ကနေ အတားအဆီးမရှိ စီးကျလာတယ်။ မိုးရွာတာတော့ နည်းပါတယ်။ ခုက ချောင်းရေ တွေ တဖြည်းဖြည်း တတ်လာပြီး ရေကြီးတာတွေ ဖြစ်နေတာပါ။ တောင်ပေါ်ရေ အတော်လေး ကျလာတယ်။ တစ်နှစ် ထက် တစ်နှစ် ပိုများလာတယ်။ အခုနောက်ပိုင်း ရေစိမ့်ဝင်နိုင်တဲ့ နေရာတွေမှာ စီမံကိန်းတွေ လုပ်ဆောင် တာကြောင့် မြင်ပါတယ်” ဟု ကျိုင်းတုံမြို့သစ် ရပ်ကွက် ၃ တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ် ဦး က ပြောသည်။
ကျိုင်းတုံမြို့တွင် ဩဂုတ်လ ၈ ရက်နေ့ကစတင်ပြီး ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျချောင်းရေ များလာပြီး မြို့ကို ဖြတ်စီးဆင်းနေသော နမ့်ခင်ချောင်း၊ နမ့်လပ်ချောင်း၊ ကျိုင်းဖောင်းချောင်းတို့မှ ရေကြီး ရေလျှံမှုများ ဖြစ် ကာ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကားလမ်းအချို့နှင့် ရပ်ကွက်အချို့၏ နေအိမ်အောက်ထပ်များ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။
သို့သော် ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ရေအနည်းငယ်စကျလာသော်လည်း စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသေးသည်ဟု ဆိုကြသည်။
ကျိုင်းတုံမြို့တွင်း သာမက ကျိုင်းတုံမြို့နယ်တွင်းရှိ ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆာ (အာခါ) ကျေးရွာတွင်လည်း ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁ နာရီတွင် ရေကြီးမှုကြောင့် လင်မယားနှစ်ဦး တောင်ကျရေထဲ မျောပါပြီး ခင်ပွန်း ဖြစ်သူမှာ သေဆုံးကာ ဇနီးဖြစ်သူမှာ အလောင်းပင် ရှာမတွေ့သေးဘူးဟု ရွာခံများ၏ ပြောပြချက်အရ သိရသည်။
အလားတူ ဩဂုတ်လ ၁၃ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်တွင်လည်း နမ့်လပ်ချောင်း ရေလျှံမှုကြောင့် ကျိုင်း တုံမြို့သစ် လေယာဉ်ကွင်းလမ်း၊ အာခါဈေးလမ်းနှင့် မြို့တော်ခန်းမ စသည့် နေရာများအထိ ရေများဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြို့ပတ်လမ်းတွင်လည်း ဆိုင်ကယ်များ ရေစီးဖြင့် မျှောပါခဲ့၍ မြို့ခံ လူမှုကယ် ဆယ်ရေး အဖွဲ့များမှ လိုက်လံဆယ်ယူ ပေးခဲ့ကြရသည်ဟု သိရသည်။
ကျိုင်းတုံ – တာချီလိတ် အဝေးပြေးလမ်းမကြီး တစ်လျှောက်တွင်လည်း တောင်ကျရေများကြောင့် ရွံစေးမြေများ ကားလမ်းပေါ်တွင် ပုံကျနေပြီး ယာဉ်များ သွားလာရန် ခက်ခဲနေသည်ဟု သိရသည်။ အဆိုပါလမ်း အပေါ်တွင် မဖြစ်မနေ သွားလာရသည့် ယာဉ်များမှာလည်း တောင်ကမ်းပါးရံများ အချိန်မရွေး ပြိုကျနိုင်သောကြောင့် စိုးရိမ် ထိတ်လန့်နေရကြောင်း ကျိုင်းတုံ-တာချီလိတ် အဝေးပြေးကား မောင်းနှင်နေသူများက ပြောသည်။
လက်ရှိ ကျိုင်းတုံမြို့ ရေကြီးရေလျှံမှုကြောင့် မြို့တွင်းရှိ မြို့ပတ်လမ်း၊ ကားလမ်းအချို့တွင် ရေမြုပ်နေပြီး နောင် ကုန်ရပ်ကွက်၊ မြို့သစ် ရပ်ကွက် ၃၊ ၄ တို့တွင် အိမ်အောက်ထပ်များ ရေဝင်ခဲ့သော်လည်း သွားရေးလာရေး ခက်ခဲ သည်မှအပ စိုးရိမ်ရသည့် အခြေအနေ မရှိဘူးဟု ဆိုသည်။ သို့သော်လည်း မိုးရွာသွန်းမှုမရပ်ပဲ တောင်ကျရေများ ထပ်ကျလာမည်ဆိုပါက ရေကြီးမှုမှာ စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနိုင်ပြီး အသက်အန္တရာယ် ကြုံရနိုင်သော ကြောင့် မြို့နေ ပြည်သူများမှာ စိုးရိမ်နေကြသည်။
ကျိုင်းတုံမြို့နှင့် ၁၀၂ မိုင်ခန့်သာ ကွာဝေးသည့် တာချီလိတ်မြို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် တာလော့ရပ် ကွက် ကမ်းနားလမ်း၊ မယ်ဆိုင်ချောင်းနှင့် နီးစပ်ရာ အိမ်များတွင် ဩဂုတ်လ ၁၂ ရက်နေ့ကတည်းက ပိတ်မိနေသူ များရှိခဲ့ပြီး မြို့ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ပေးခဲ့ရသည်ဟု သိရသည်။